
MT News
၂၆. ၅. ၂၀၂၅
Written by Nay Moe
ရာအိမ်မှူးတစ်ဦးအပါအဝင် လူ လေးဦးကို PDF တို့ ပစ်ခတ်သတ်ဖြတ်မှု ယမန်နေ့ မေလ ၂၅ ရက် တစ်နေ့တာအတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယခုညထုတ်ပြန်သည်။
ဖြစ်စဥ်များမှာ မေလ ၂၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးဝင်းမြင့်(၅၅)နှစ်သည် ၎င်း၏နေအိမ်၌ နွားစာကျွေးနေစဉ် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ မေလ ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ပေါင်းစပါးကျေးရွာနေ ဦးတင်စိုး(၅၃)နှစ်သည် ၎င်း၏ခယ်မဖြစ်သူ ဒေါ်မြခိုင်(၅၀)နှစ်နှင့်အတူ စိုင်ပစ်အင်းကျေးရွာမှ ပေါင်းစပါးကျေးရွာသို့ ပြန်လာစဉ် ပေါင်းစပါးကျေးရွာအနီးအရောက်၌ PDF အဖွဲ့ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်မြခိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးတင်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

MT News
ထို့အတူ မေလ ၂၅ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အေးလှရိုးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူး ဦးဟုတ်စိန်(၅၅)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့်(စိစစ်ဆဲ)က LIGHT TRUCK မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါဖြစ်စဥ်များမှ ကျူးလွန်သူများ ဖမ်းမိရေးတာဝန်ရှိသူများက စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
