
၂၆.၅.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများဖွင့်ထားသည့် အလှပြင်ဆိုင်တစ်ခု၌ မြန်မာအမျိုးသမီးတစ်ဦးအား ပါးရိုက်ပြီးငွေတောင်းသည့် ငွေညှစ်သည့် အဖွဲ့ကို ဖမ်းဆီးလိုက်ကြောင်းဒေသတွင်း သတင်းများအရ သိရသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်က ပတ္တရား တတိယလမ်းရှိ အလှပြင်ဆိုင်သို့ မြန်မာအမျိုးသမီးငယ် သုံးဦး ဆံပင်ညှပ်ရန် သွားရောက်ကြကာ ယွမ် ၃၈၀၀ ဖြင့် ဆံပင်ညှပ်ရန် သဘောတူခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါငွေကို ပေးဆောင်ပြီးချိန်တွင် အလှပြင်ဆိုင်ဘက်က ကျသင့်ငွေထက် ပိုမိုတောင်းခံခဲ့သောကြောင့် နှစ်ဖက်အပြန်အလှန် စကားများခဲ့ကြောင်း သိရသည်။ စကားများနေစဉ် အလှပြင်ဆိုင်ပိုင်ရှင်က ဖုန်းဆက်၍ ထိုင်းအမျိုးသား ၃ ဦးနှင့် ထိုင်းအမျိုးသမီး ၁ ဦးကို ခေါ်ယူခဲ့ပြီးနောက် အဆိုပါအဖွဲ့ရောက်ရှိလာပြီး ထိုင်းအမျိုးသားတစ်ဦးက ယင်းတို့မှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ တောင်းသည့်ငွေ ဘတ် ၆၀၀၀၀ ကို မပေးဆောင်ပါက ဖမ်းဆီးမည် ဖြစ်ကြောင်း ပြောဆိုကြောင်း၊ ထိုအချိန်တွင် အလှပြင်ဆိုင်မှ အမျိုးသမီးတစ်ဦးက မြန်မာ အမျိုးသမီးအား အင်္ကျီကိုဆွဲ၍ ပါးရိုက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာအမျိုးသမီး (၃) ဦးက ပတ္တရား ရဲစခန်းသို့ သွားရောက်ပြီး ပါးရိုက်ခံရသည့် ကာယကံရှင်အမျိုး သမီးက အမှု ဖွင့်ခဲ့ကြောင်း သိရသည်။
ပတ္တရားရဲတပ်ဖွဲ့က ချက်ချင်း သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်အတွင်း CCTV ကင်မရာပင် မရှိကြောင်း၊ သို့သော်လည်း ကာယကံရှင်၏ တိုင်ကြားချက်က အဓိက ကျကြောင်း ပတ္တရား ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများက ရေးသားကြသည်။
ကျူးလွန်ခဲ့သူမှာ လူလတ်ပိုင်းထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး စွဲချက်တင်ရန် ဆင့်ခေါ်ခဲ့ကာ ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျန်သူများကို ဆက်လက်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရ သည်။
ယင်းအပြင် ရဲတပ်ဖွဲ့ကို အဆိုပါ အလှပြင်ဆိုင်ကို လုပ်ငန်း လိုင်စင်စစ်ဆေးခြင်းများ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် အလှပြင်ဆိုင်ကိုလည်း ယာယီ ပိတ်ထားကြောင်း သိရသည်။
