
၂၆ .၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဖူးခက်၊ ပါရာဒိုက်စ်ကမ်းခြေအနီးတွင် မေလ ၂၄ ရက်နေ့က သူငယ်ချင်းများနှင့် ငါးမျှားနေစဉ် လှိုင်းပုတ်မှုကြောင့် ပင်လယ်ထဲသို့ မျောပါသွားခဲ့သောအသက် ၂၆ နှစ်အရွယ် မြန်မာလူငယ်တစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
အဆိုပါ ဖြစ်ရပ်တွင် ဖူးခတ်ကမ်းခြေရှိ Wasana Khamchomphu လုပ်ငန်းစုက ၎င်း၏ဝန်ထမ်းဖြစ်သူ ကိုလုံးလုံး ပျောက်ဆုံးနေကြောင်းကို မေလ ၂၄ ရက် ညနေ ၅ နာရီ ၅၃ မိနစ်တွင် ပါတုံရဲစခန်းသို့ သတင်းပို့ခဲ့သည်။

ကိုလုံးလုံးနှင့် သူငယ်ချင်းနှစ်ဦးသည် ထိုနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပါရာဒိုက်စ်ကမ်းခြေအနီးရှိ ကျောက်ဆောင်ထူထပ်သော ကမ်းနား၌ ငါးမျှားရန် သွားခဲ့ကြခြင်းဖြစ်သည်။ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်တွင် လှိုင်းလုံးကြီးများက ကိုလုံးလုံးအား ပင်လယ်ထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ဖြစ်ရပ်ကိုမြင်တွေ့နေသည့် သူငယ်ချင်းများက ကယ်ဆယ်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိသည့်နောက် အရေးပေါ်ဝန်ဆောင်မှုများကို အကြောင်းကြားခဲ့ကြသည်။
ကိုလုံးလုံးကို ရှာဖွေမှုသည် ထိုနေ့တွင်သာမက နောက်တစ်နေ့ဖြစ်သော မေလ ၂၅ ရက်နေ့အထိ ဆက်လက်လုပ်ဆောင်ခဲ့ရသည်။ ထိုသို့သော ကယ်ဆယ်ရှာဖွေမှုလုပ်ငန်းစဥ်အတွင်း ကယ်ဆယ်ရေးသမားများမှာ ပြင်းထန်ကြမ်းတမ်းလှသော လှိုင်းလုံးများကို အံတုခဲ့ရပြီးနောက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်တွင် ပါတုံတောင်ဘက်ရှိ Tri Trang ကမ်းခြေအနီးတွင် ရုပ်အလောင်းတစ်လောင်း မျောနေသည်ကို တွေ့ရှိရကြောင်း ပြည်သူများက ပါတုံရဲစခန်းသို့ သတင်းပေးပို့ခဲ့သည်။
ထို့အတွက် ကင်းလှည့်ရဲများ၊ အသက်ကယ်သမားများနှင့် ကူစိုသံဖူးခက် ဖောင်ဒေးရှင်းအဖွဲ့ဝင်များ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့များသည် ရေထဲမှ ရုပ်အလောင်းကို အောင်မြင်စွာ ဆယ်ယူနိုင်ခဲ့ပြီး ထို လုပ်ငန်းစဉ်သည်ပင် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။
သေဆုံးသူမှာ အပြာရောင်ဘောင်းဘီတိုဝတ်ထားပြီး အင်္ကျီမပါဘဲ တွေ့ရှိခဲ့ရသော်လည်း သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုဇော်ထွေးက ရုပ်အလောင်းကို အတည်ပြုပေးခဲ့သည်။ ၎င်း၏ညီဖြစ်သူသည် အခြားလုပ်ဖော်ကိုင်ဘက် မြန်မာနိုင်ငံသားနှစ်ဦးနှင့်အတူ ငါးဖမ်းခရီးမှ ပြန်မလာသော အဖြစ်အပျက်ကို သိရှိခဲ့ရကြောင်း သူက ပြောခဲ့သည်။
ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားထားသော်လည်း ဖူးခက်ပြည်နယ် မှုခင်းဆေးဘက်ဆိုင်ရာရုံးမှ အရာရှိများနှင့် Vachira Phuket ဆေးရုံမှ မှုခင်းဆရာဝန်တို့၏ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများအရ ကိုလုံးလုံးသေဆုံးမှုတွင် မသမာမှုတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း The Phuket News က ဖော်ပြခဲ့သည်။
Ref, The Thaiger
