
၂၆. ၅. ၂၀၂၅
Translated by Thettant
အင်ဒိုနီးရှားအာဏာပိုင်များက ဆူမတြာကျွန်းအနီးတွင် မူးယစ်ဆေး မက်သာဖက်တမင်း (ခရစ္စတယ်မက်) ၂ တန်ခန့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းသည် နိုင်ငံ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းဆီးမှုဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီက ယနေ့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများသည် ရွှေတြိဂံဒေသရှိ ဂိုဏ်းတစ်ခုနှင့် ဆက်စပ်နေကြောင်း လည်း အေဂျင်စီက ပြောကြားခဲ့သည်။ ရွှေတြိဂံဒေသဆိုသည်မှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ ပေါင်းစပ်တည်ရှိသည့် နေရာဖြစ်ပြီး ဂျပန်နှင့် နယူးဇီလန်အထိ ဖြန့်ဖြူးရန်အတွက် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည့် သမိုင်းရှည်ကြာခဲ့သော မူးယစ်ဆေးထုတ်လုပ်ဖြန့်ဖြူးရာ ဒေသဖြစ်သည်။
အင်ဒိုနီးရှား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီ၏ အကြီးအကဲ မာသီးစ်နပ် ဟူကွမ်က သတင်းထောက်များကို ပြောကြားရာတွင် ငါးလကြာ စောင့်ကြည့်ပြီးနောက် ပြီးခဲ့သည့်အပတ်က အင်ဒိုနီးရှား အာဏာပိုင်များသည် “Sea Dragon Tarawa” ဟု အမည်ရှိသော သင်္ဘောတစ်စင်းကို စစ်ဆေးရန် ရေတပ်သင်္ဘောများ စေလွှတ်ခဲ့ပြီး သင်္ဘောပေါ်ရှိ သေတ္တာများထဲတွင် မက်သာဖက်တမင်းများကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟူကွမ်းက အဆိုပါ မူးယစ်ဆေးဝါးများသည် ရွှေတြိဂံဒေသရှိ ဂိုဏ်းတစ်ခုမှ လာသည်ဟု ယူဆရပြီး အင်ဒိုနီးရှားအပြင် မလေးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့သော အခြားအရှေ့တောင်အာရှနိုင်ငံများသို့ ပို့ဆောင်ရန် ရည်ရွယ်ခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် အင်ဒိုနီးရှားနိုင်ငံသားလေးဦးနှင့် ထိုင်းနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒီဖမ်းဆီးမှုဟာ အင်ဒိုနီးရှားမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဝါးတွေ့ရှိမှုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမားသောမူးယစ်ဆေး နောက်ဆုံးဖမ်းဆီးမှုသည် ယခုလအစောပိုင်းက ကျွန်းစု၏ အနောက်ဘက်ရှိ အဆိုပါ ဧရိယာဝန်းကျင်တွင်ပင် အင်ဒိုနီးရှားရေတပ်က မက်သာဖက်တမင်းနှင့် ကိုကင်း ၂ တန်နီးပါး သယ်ဆောင်လာသော ထိုင်းအလံတင် သင်္ဘောတစ်စင်းကို အမေရိကန်ဒေါ်လာ ၄၂၅ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်အတွင်း ထိုင်းနိုင်ငံသားကပ္ပတိန်တစ်ဦးနှင့် မြန်မာနိုင်ငံသားလေးဦးကိုလည်း ထိန်းသိမ်းခဲ့သည်။
၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UN Office on Drugs and Crime) က စည်းရုံးလှုံ့ဆော်မှုအဖွဲ့များသည် အားနည်းသော ဥပဒေစိုးမိုးမှုကို အခွင့်ကောင်းယူကာ အဓိကအားဖြင့် ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် မူးယစ်ဆေးဝါးများ မှောင်ခိုကူးခဲ့ကြသဖြင့် ၂၀၂၃ ခုနှစ်တွင် အရှေ့နှင့် အရှေ့တောင်အာရှ၌ မက်သာဖက်တမင်း တန် ၁၉၀ စံချိန်တင် ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာ့အတင်းကျပ်ဆုံး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေအချို့ရှိပြီး မူးယစ်ဆေးဝါးမှောင်ခိုကူးမှုအတွက် သေဒဏ်ချမှတ်နိုင်သည်။ Ref, Bangkok Post
