၂၆.၅.၂၀၂၅
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့ရဲ့ အမြဲတမ်းအထူးကိုယ်စားလှယ်တစ်ယောက် ခန့်ထားဖို့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အတည်ပြုကြမယ်လို့ မျှော်လင့်ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါက အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွေကို နှစ်စဉ်အလှည့်ကျပြောင်းလဲခန့်ထားတဲ့ အလေ့အထကို အဓိကပြောင်းလဲမှုတစ်ရပ်ဖြစ်ပြီး ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြန်မာ နိုင်ငံအတွင်း နက်ရှိုင်းတဲ့အကျပ်အတည်းအခြေအနေဖြစ်ပေါ်မှုကို အသိအမှတ်ပြုကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မေလ ၂၅ ရက်က ကျင်းပတဲ့အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အဆိုပါအဆိုပြုချက်ကို သဘောတူခဲ့ကြပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ နစကအစိုးရနဲ့ ဆန့်ကျင်ဘက်အင်အားစုတွေအကြား ထိတွေ့ဆက်ဆံမှု အရေးတကြီးတည်ဆောက်ဖို့ တိုးမြင့်လာတဲ့အခြေအနေကို ပြသတာလို့လည်းဆိုကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမြဲတမ်း အထူးကိုယ်စားလှယ်ကို သုံးနှစ်တာကာလအတွက် ခန့်အပ်မှာဖြစ်တယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆန် မိုဟာမက်ဟာဆန်က ပြောခဲ့ပါတယ်။
အာဆီယံအမြဲတမ်း အထူးကိုယ်စားလှယ်နေရာအတွက် နိုင်ငံခြားရေးဝန်ကြီးတွေ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခေါင်းဆောင်တွေကို တင်ပြသွားမှာလို့လည်း သိရပါတယ်။
မိုဟာမက်ဟာဆန်က ဇွန်လထဲမှာ သူ့အနေနဲ့ မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှေ့ဆက်လုပ်သွားဖို့အတွက် တွေ့ဆုံရန် နေပြည်တော်ကိုသွားရောက်မယ်လို့လည်း ပြောခဲ့ပါတယ်။
မိုဟာမက်ဟာဆန်က “အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်အရ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေးအခြေခံမူကို လိုက်နာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအခြေအနေမှာအိမ်နီးချင်းနိုင်ငံတွေကို ထိခိုက်မှုတွေရှိတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ ဒုက္ခသည်အကျပ်အတည်းတွေကိုပါ ဖြစ်ပေါ်နေစေတယ်”လို့ ဆိုခဲ့ပါတယ်။
Ref- Nikkei Asia, The Star
