၂၆. ၅. ၂၀၂၅
Weitten by Nay Moe
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် PDF များက ရာအိမ်မှူးတစ်ဦးအပါအဝင် လူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသားနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ မိတ်ကုန်းကျေးရွာသို့ မေလ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်၌ PDF အင်အား ၁၀ ဦးခန့်က Light Truck အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်နှစ်စီးတို့ဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ရာအိမ်မှူး ဦးအောင်မြင့်ကြည် (၆၅) နှစ်၊ ဦးမြင့်အောင် (၆၈) နှစ်၊ ဦးအောင်မင်း (၆၆) နှစ်၊ ဦးကျော်မိုး(စိစစ်ဆဲ)၊ ဒေါ်ခင်ဝင်း(စိစစ်ဆဲ) နှင့် ဒေါ်ချို(စိစစ်ဆဲ)တို့ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် ကျေးရွာ၏အရှေ့ဘက်ရှိ မိတ်ကုန်း- တောင်ရိုးတဲသွားကားလမ်းဆုံအရောက် ဦးကျော်မိုး၊ ဒေါ်ခင်ဝင်းနှင့် ဒေါ်ချိုတို့သုံးဦးအား ပြန်လည်စေလွှတ်ပေးခဲ့ပြီး ဦးအောင်မြင့်ကြည်၊ ဦးမြင့်အောင်နှင့် ဦးအောင်မင်းတို့သုံးဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။


