၂၆.၅.၂၀၂၅
Written by Hey Mar
ကျောက်ဆွေးတွင်းပြိုကျရာက မောင်နှမနှစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ အရှေ့တောင်ညိုရွာမှာ မနေ့က မေလ ၂၅ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အိုးဘိုလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က စစ်ကိုင်းမြို့၊ အရှေ့တောင်ညိုရွာ၊ ရှင်သီဝလိတောရသွားတဲ့လမ်းရှိ တစ်နိုင်တစ်ပိုင် အိမ်လုပ်ကွက်တစ်ခုဖြစ်တဲ့ အိမ်ဆောက်ရာမှာသုံးတဲ့ကျောက်တွေထုတ်တဲ့ ကျောက်တွင်းမှာ မိုးရွာထားတာကြောင့် မြေသားပျော့နေတာကို ထပ်မံတူးကာ ကလိုင်(ဂလိုင်)ပြုလုပ်လိုက်တာကြောင့် အပေါ်ကမြေသားတွေ ပြိုကျတာလို့ ဒေသခံတွေရဲ့ပြောစကားကို အိုးဘို Recuse မှတာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါလုပ်ကွက်ပြိုကျတာကြောင့် သုံးဦးပိမိပြီး တစ်ဦးကိုသာ အသက်ရှင်လျှက်ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အိုးဘို Recuse မှ တာဝန်ရှိသူက “သူတို့က မိသားစုသုံးဦးပေါ့။ မြေပြိုတော့ အတွင်းထဲသိပ်မရောက်တဲ့ အမျိုးသမီးတစ်ဦးကိုတော့ အနီးအနားလုပ်ကွက်က ဘက်ဟိုးနဲ့ ချက်ချင်းယက်ပြီးကယ်ထုတ်နိုင်လိုက်တယ်။ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကတော့ တွင်းပိပြီးဆုံးတယ်” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူတွေက မောင်နှမအရင်းတွေဖြစ်ကြတဲ့ ကိုသန်းဇော် (၃၈)နှစ်နဲ့ ဒေါ်တင်ပို (၄၈) နှစ် ကွယ်လွန်တို့ ဖြစ်ကြပြီး ညီမဖြစ်သူ မအိအိစိုးကတော့ မစိုးရိမ်ရဒဏ်ရာတွေရရှိကာ စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
“သေဆုံးသူတွေကို စစ်ကိုင်းဆေးရုံမှာ အတည်ပြုချက်ရယူပြီးတော့ သူတို့အိမ် ကျောက္ကာရွာကိုပဲ တစ်ခါတည်းပို့ဆောင်ပေးခဲ့တယ်။ ဒီနေ့ညနေ (မေလ ၂၆ ရက်) သင်္ဂြိုဟ်မှာပါ။ အအေးခေါင်းပြင်ဆင်တာကနေ အစအဆုံး အိုးဘို Rescue အသင်းက ကူညီကုသိုလ်ယူပေးခဲ့ပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။


