
၂၅.၅.၂၀၂၅
Written By Zun
မိုးသည်းထန်၍ မယ်ဆိုင်ချောင်းရေမြင့်တက်လာသောကြောင့် ပိတ်ထားရသော ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ် (၁) တံတားကို ယနေ့ ပြန်ဖွင့်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မယ်ဆိုင်ချောင်းရေမြင့်တက်လာ၍ ရေထိန်းနိုင်ရန် သဲအိတ်များကာရံခဲ့ပြီး အမှိုက်များရှင်းလင်းရေး ဆောင်ရွက်ခဲ့သောကြောင့် တံတားပေါ်က မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပိတ်ခဲ့ကာ လူများသွားလာခွင့်ကိုသာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါရေထိန်းနိုင်ရေး လုပ်ငန်းများပြီးစီး၍ ယနေ့ မေလ ၂၅ ရက်တွင် ယာယီပိတ်ထားသည့် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်မှ မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
တာချီလိတ်တွင် ယမန်နေ့ မေလ ၂၄ ရက် ညပိုင်းက မယ်ဆိုင်ချောင်းရေအမှတ် (၃၁၆) စင်တီမီတာသို့ရောက်ရှိခဲ့သော်လည်း ယနေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် (၂၄၀) စင်တီမီတာသို့ ပြန်လည်ကျဆင်းခဲ့ပြီဖြစ်ကြောင်းလည်း မယ်ဆိုင်ချောင်းရေ သတိပေးချက်အရ သိရသည်။
