
MT News
၂၅. ၅. ၂၀၂၅
ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက နေအိမ်အလုံး ၂၀ ရေထဲမျောပါ ဆုံးရှုံးမှုဖြစ်ပွားခဲ့ရသည်။
ဖြစ်စဥ်မှာ ယနေ့ မေလ ၂၅ ရက်ကူးစ ည သန်းခေါင် ၁ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ (အနောက်ကျွန်း) ကျေးရွာအနီးတွင်၊ ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်(၁၃)လုံးနှင့် အမှတ်(၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေအနီးတွင် လူနေအိမ်(၇)လုံး မျောပါခဲ့သည်။

ထို့အတွက် မြစ်ကမ်းပါးအနီးရှိ ပြိုကျနိုင်ခြေရှိသည့် နေအိမ်များအား ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။

“ည ၁၂ နာရီခွဲလောက်မှာ စပြီး ပြိုပြီး ရေထဲပါကုန်တာ။ ညသန်းခေါင်လောက် အိပ်ပျော်နေချိန်ဆိုတော့ အသက်ရှင်ဖို့ မနည်းဆင်းပြေးရတာ။ အိမ်တွေအလုံးလိုက်ပါသွား၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းပြေးလာကြရတော့ ဘာတစ်ခုမှ မပါတဲ့သူတွေ အကုန်ဒုက္ခရောက်ကြတယ်။ မြစ်ထဲပါမှာစိုးလို့ ဖျက်လိုက်ရတဲ့အိမ်တွေကလည်း အလုံး ၃၀ ကျော်ပဲ။ သူတို့လည်း ဒုက္ခရောက်နေကြတယ်။ စောင်၊ ခြင်ထောင်၊ အိုးခွက်ပန်းကန်တွေ အဓိကလိုအပ်ပါတယ်”ဟု ကူညီပေးသည့် ဒေသခံပရဟိတသမားတစ်ဦးက ပြောသည်။ Photo – MFSD & CJ

