၂၄.၅.၂၀၂၅
Translated by Htwe Ko Tun
ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့ရဲ့အဓိကဘူတာရုံကြီးမှာ အသက် ၃၉ နှစ်ရှိတဲ့ အမျိုးသမီးတစ်ဦးက တခြားသူတွေကို ဓားနဲ့လိုက်လံထိုးတိုက်ခိုက်မှုတစ်ရပ် မေလ ၂၃ ရက်ကဖြစ်ပွားခဲ့ရာမှာ လူ ၁၈ ဦးအထိ ဓားထိုးခံခဲ့ရပြီး ဒီထဲက ခြောက်ဦးက ဒဏ်ရာပြင်းထန်ကာ လေးဦးက အသက်ဘေးစိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အရေးပေါ်အဖွဲ့တွေက ပထမတော့ လူ ၁၇ ဦးဒဏ်ရာရခဲ့တယ်လို့ ပြောခဲ့ကြပေမယ့် ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ၁၈ ဦးထိ ဒဏ်ရာရခဲ့တယ်လို့ ပြောကြားခဲ့တာပါ။
ဟမ်းဘာ့ဂ်မြို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အသက် ၃၉ နှစ်ရှိအမျိုးသမီးက ဂျာမန်လူမျိုးတစ်ဦးဖြစ်ကာ ဓားထိုးမှုတွေကျူးလွန်ခဲ့ရာ ဘူတာရုံစင်္ကြန် ၁၃/၁၄ အနီးမှာပဲ ပြန်လည်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ရဲတပ်ဖွဲ့က အမျိုးသမီးအနေနဲ့ တိုက်ခိုက်မှုတွေကို တစ်ဦးတည်းကျူးလွန်ခဲ့တာဖြစ်ပြီး နောက်ခံအကြောင်းကို အပြည့်အစုံသိဖို့ စုံစမ်းလျက်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုက နိုင်ငံရေးဆိုင်ရာဦးတည်ချက်တစ်ခုခုနဲ့ပတ်သက်နေတယ်လို့ မယုံကြည်ရဘူးလို့လည်းရဲတပ်ဖွဲ့က ပြောပါတယ်။ စုံထောက်တွေအနေနဲ့ ဒီအမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုခုခံစားနေရမလားဆိုတာလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးမှုတွေပြီးရင်တော့ ထိုအမျိုးသမီးကို မေလ ၂၄ ရက်မှာပဲ တရားသူကြီးတစ်ဦးရှေ့မှောက်မှာ စစ်ဆေးမှုပြုမယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုက ဟမ်းဘာ့ဂ်မြို့ဘူတာရုံမှာ အသွားအလာလူအများဆုံးအချိန်မှာဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဓားထိုးတိုက်ခိုက်မှုက ဂျာမနီနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်အတွင်း နောက်ဆုံးဓားထိုးတိုက်ခိုက်မှုလည်း ဖြစ်ခဲ့ပါတယ်။ မေလ ၁၈ ရက် နံနက်အစောပိုင်းက နိုင်ငံအနောက်ပိုင်း ဘီလီဖက်လမြို့မှာ အရက်ဆိုင်တစ်ဆိုင်အတွင်း ဆီးရီးယားဖွားလူတစ်ဦးက တိုက်ခိုက်လို့ အသက် ၂၀ နှစ်ကျော် လူငယ်ငါးဦး ဒဏ်ရာရခဲ့ပါသေးတယ်။
Ref- DW



