၂၄.၅.၂၀၂၅
Written By Thandar
လက်ရှိ ပရိသတ်ကြိုက်နှစ်သက်နေကြတဲ့ မျက်ကွယ်ရာ ဇာတ်လမ်းတွဲက အိမ်ထောင်ရေးတစ်ခုမှာ ကိုယ်မထင်မှတ်ဘဲ သတိလက်လွတ် ဂရုမစိုက်တာလေးတွေက အတိမ်းအစောင်းဖြစ်စေတာမို့ သဘာဝနဲ့အနီးစပ်ဆုံး မီးမောင်းထိုးထားတယ်လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။
“အိမ်ထောင်ရေးမှာ မိန်းမတွေက ယောက်ျားတွေလောက် မသန်မာဘူးဆိုပေမယ့် စိတ်ဓာတ်ပိုင်းမှာတော့ ယောက်ျားတွေလောက် သန်မာအောင် ကြိုးစားလို့ရတယ်။ ကြိုးစားခွင့်လည်း ရှိတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ကိုယ်မထင်မှတ်ဘဲ သတိလက်လွတ် ဂရုမစိုက်တာလေးက မထင်မှတ်ထားတဲ့ အတိမ်းအစောင်းဖြစ်စေတယ်။ ဒီကားမှာက လုပ်ယူထားတာလည်း မပါပါဘူး။ ကိုယ့်ပရိသတ်နဲ့ ထပ်တူကျလို့လည်း ဝမ်းသာပါတယ်။ အသက်အရွယ်နဲ့ ဇာတ်ရုပ်နဲ့က တစ်ထပ်တည်းကျနေတယ်”လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။
သူမကတော့ မျက်ကွယ်ရာ ဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးတာ ဖြစ်သလို ရွှေထူးနဲ့ ရွှေမှုံရတီအပြင် တခြားသရုပ်ဆောင်တွေပါဝင်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်တယ်လို့ သိရပါတယ်။
အပိုင်း (၁၇)ပိုင်းပါဝင်တဲ့ “မျက်ကွယ်ရာ” ဇာတ်လမ်းတွဲသစ်ကြီး လက်ရှိ Mahar Application မှာ နေ့စဉ် ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။
“ဒီကားက ဖြည်းဖြည်းလေးနဲ့ လောင်ရတဲ့ ဇာတ်လေးဆိုတော့ ပညာပေးမယ်လို ယုံကြည်တယ်။ ကိုယ့်အိမ်တွင်းရေးကို လူမသိဘဲ မြိုက်ပြီးလောင်တဲ့ အိမ်ထောင်ရေး ပြဿနာလေး မိသားစုအတွင်းရေးတွေပါတယ်။ Over ကြီး လုပ်ယူထားတာမျိုးတွေ မပါဘူး။ သဘာဝနဲ့အနီးစပ်ဆုံးပဲ လုပ်ထားပါတယ်။ ကိုယ့်အိမ်ထောင်ဦးစီးတွေ စိတ်ယိမ်းယိုင်ချိန်မှာ အိမ်ထောင်ရှင်မတွေအနေနဲ့ ကိုယ့်ရဲ့ အမျိုးသားတွေကို ဘယ်လိုလုပ်ရမလဲပေါ့။ အိမ်ထောင်တစ်ခုမှာ အမြဲတမ်း မိသားစုကနွေးထွေးနေဖို့ လိုတယ်ဆိုတာလေးကို သေချာပြထားပါတယ်”လို့ သူမက ဆက်ပြောပါတယ်။
