၂၄. ၅. ၂၀၂၅
Translatde by Thettant
ထိုင်းနိုင်ငံ၊ ပရာချူပ်ခီရီခန်ပြည်နယ်၊ မူအန်းခရိုင်တွင် ယနေ့မွန်းလွဲ ၁ နာရီခန့်က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ လေထီးဖြင့် ခုန်ထွက်နိုင်ခဲ့သဖြင့် လွတ်မြောက်ခဲ့သည်ဟု သိရသည်။
ရဟတ်ယာဉ်ပျက်ကျမှုမှာ မူအန်းခရိုင်၊ အောင်နွိုင်ခရိုင်ခွဲမှ နောင်ကော့ (Nong Kok) ရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပျက်ကျပြီးနောက် ရဟတ်ယာဉ် မီးလောင်ကျွမ်းနေသည်ကို မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ရဟတ်ယာဉ်သည် နေ့လယ် ၁ နာရီခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းနှင့် ရဟတ်ယာဉ်မပျက်ကျမီ လူတစ်ဦး လေထီးဖြင့် ခုန်ချသည်ကို တွေ့မြင်ခဲ့ရကြောင်းလည်း ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးအရာရှိများသည် မီးလောင်နေသော ရဟတ်ယာဉ်ပျက်စီးရာနေရာမှ မီးလောင်ကျွမ်းနေသော ရုပ်အလောင်းသုံးခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ကနဦးစုံစမ်းစစ်ဆေးမှုများအရ အဆိုပါရဟတ်ယာဉ်သည် တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ပိုင်ဆိုင်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ အာဏာပိုင်များသည် ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို ဆုံးဖြတ်ရန်နှင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအကြောင်း အသေးစိတ်အချက်အလက်များကို စုဆောင်းရန် လက်ရှိတွင် ဆောင်ရွက်လျက်ရှိသည်။
နေ့လယ် ၁ နာရီ ၅၃ မိနစ်တွင် တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ကန်ချနာဘူရီရဲတပ်ဖွဲ့ လေကြောင်းယူနစ် မှ Bell 212 ရဟတ်ယာဉ်၊ နံပါတ်စဉ် ၂၂၁၅ သည် ပရာချူပ်ခီရီခန်ပြည်နယ်တွင် ပျက်ကျခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ကနဦးသတင်းများအရ လေယာဉ်မှူးနှစ်ဦးနှင့် စက်ပြင်ဆရာတစ်ဦး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်စဉ်မှာမူ ဆက်လက် စုံစမ်းနေဆဲဖြစ်ကာ လေထီးဖြင့် ခုန်ထွက်သူကို လိုက်လံရှာဖွေနေဆဲဖြစ်သည်။
Ref , Bangkok Post & The Nation Thailand




