ပုံစာ။ တရုတ်မယားအဖြစ်ရောင်းစားခံရသော မြန်မာအမျိုးသမီး
◾️ ရွှေလီမှတစ်ဆင့် လူကုန်ကူးနေသည့်ကွန်ရက်က မြန်မာအမျိုးသမီးတစ်ဦး ယွမ် ၂ သိန်းဖြင့် ရောင်းချနေ
၂၄. ၅. ၂၀၂၅
Translated by Thettant
တရုတ်နိုင်ငံ အရှေ့ပိုင်း အန်ဟွေးပြည်နယ်၊ လူအန်းရဲတပ်ဖွဲ့သည် မြန်မာအမျိုးသမီးများကို လူမှောင်ခိုကူးပြီး ရောင်းချသည့် လူကုန်ကူးမှုကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါကိစ္စသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ်လုပ်ဆောင်သော ရှန်ကွမ်းကျန်းယီဆိုသူက မေလ ၂၃ ရက်နေ့တွင် တရုတ်လူမှုမီဒီယာပလက်ဖောင်း Weibo တွင် အသေးစိတ်ဖော်ပြခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း Shanghai Morning Post သတင်းစာက ဖော်ပြထားသည်။
လူအန်းမြို့ရှိ အာဏာပိုင်များသည် သံသယရှိသူများ နေအိမ်အဆောက်အအုံတစ်ခုတွင် ရှိနေကြောင်း ရှန်ကွမ်းက ရဲတပ်ဖွဲ့ကို သတင်းပေးပြီးနောက် ဝင်ရောက်စီးနင်းခဲ့ရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ရှန်ကွမ်းသည် အဆိုပါ လူကုန်ကူးဂိုဏ်းအကြောင်းကို ၇ လကြာ လျှို့ဝှက်စုံစမ်းခဲ့ပြီး ယူနန်ပြည်နယ်ရှိ နယ်စပ်မြို့ ရွှေလီမှတစ်ဆင့် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ မှောင်ခိုခေါ်ဆောင်သည့် စနစ်တကျ လူကုန်ကူးကွန်ရက်တစ်ခုကို ဖော်ထုတ်ခဲ့ကြောင်း Weibo တွင် အသေးစိတ်ပြောကြားခဲ့သည်။
အဆိုပါအမျိုးသမီးများကို ဟဲနန်နှင့် အန်ဟွေးပြည်နယ်များရှိ ဝယ်ယူသူများထံ တစ်ဦးလျှင် ယွမ် ၂၀၀,၀၀၀ (မြန်မာကျပ် သိန်း ၁၂၀၀ ကျော်) ခန့်ဖြင့် ရောင်းချခဲ့သည်ဟုလည်း ဖော်ပြထားသည်။
ရှန်ကွမ်း၏ လျှို့ဝှက်စုံစမ်းမှုအရပင် မြန်မာနိုင်ငံတွင် အမျိုးသမီးများရှာဖွေခြင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ စီစဉ်ပေးခြင်းနှင့် အမျိုးသမီးများကို ဝယ်သူများထံ ရောင်းချသည့် ကြားခံပုဂ္ဂိုလ်များ အပါအဝင် တိကျစွာသတ်မှတ်ထားသော အခန်းကဏ္ဍများပါဝင်သည့် အလွန်စနစ်တကျသော လူကုန်ကူးမှု လုပ်ငန်းကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ချိန်ဟု ခေါ်သော ပွဲစားတစ်ဦးက အမျိုးသမီးများ၏ အသက်၊ ရုပ်ရည်နှင့် အိမ်ထောင်ရေးအခြေအနေပေါ် မူတည်၍ ဈေးနှုန်း ကွာခြားကြောင်း ရှန်ကွမ်းကို ပြောကြားခဲ့သည်။
“ငယ်ရွယ်ပြီး ရုပ်ချောတဲ့ ပထမဆုံးအကြိမ် အိမ်ထောင်ပြုမယ့်သတို့သမီးတွေက ယွမ် ၂၀၀,၀၀၀ ကျော်ရတယ်၊ အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် အိမ်ထောင်ကျဖူးတဲ့သူတွေကတော့ ဈေးသက်သာတယ်” ဟု ချိန်က ပြောခဲ့သည်။
ချိန်သည် ဥပဒေကြောင်းအရ တာဝန်ယူမှုကို ရှောင်ရှားရန် လက်ရေးစာရွက်စာတမ်းများကို ရေးသားထားပြီး ထိုသို့သော စာရွက်စာတမ်းတစ်ခုတွင် “နှစ်ဖက်စလုံးက ဆန္ဒအလျောက် အတူနေထိုင်ရန် သဘောတူပြီး အတင်းအကြပ်ပြုလုပ်ခြင်းမရှိပါ။ သတို့သမီးဖိုး၊ ဝန်ဆောင်ခနှင့် အခြားကုန်ကျစရိတ်အားလုံးအတွက် ယွမ် ၂၂၀,၀၀၀ စုစုပေါင်းလက်ခံရရှိပါသည်။ အမျိုးသမီးက တစ်နှစ်အတွင်း ကိုယ်ပိုင်အကြောင်းပြချက်ဖြင့် ထွက်ခွာသွားပါက ၅၀ ရာခိုင်နှုန်း ပြန်အမ်းပါမည်။ အမျိုးသား၏ အိမ်တွင်းအကြမ်းဖက်မှု သို့မဟုတ် ပစ်ပယ်မှုများကြောင့် သူမ ထွက်ခွာသွားရပါက ငွေပြန်အမ်းမည်မဟုတ်ပါ။” ဟု ဖော်ပြခဲ့သည်ဟုလည်း တွေ့ရသည်။
အခြားသော ပွဲစားတစ်ဦးဖြစ်သူ တိန့်ကလည်း တရုတ်မယားအဖြစ် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးများ ခံစားရသည့် ခက်ခဲကြမ်းတမ်းသော ခရီးနှင့်ပတ်သက်ပြီး “သူတို့ဟာ တောင်တွေပေါ်မှာ ၇ ရက် ၇ ည လမ်းလျှောက်ခဲ့ရတယ်၊ ရေသန့်နဲ့ ခေါက်ဆွဲခြောက်ပဲ စားခဲ့ရတယ်။ အန်ဟွေးကိုရောက်ဖို့ တစ်လနီးပါးကြာပြီး သူတို့ အများကြီး ဒုက္ခခံစားခဲ့ရတယ်” ဟု ပြောခဲ့သည်။
Ref , Shine
ပုံစာ။ တရုတ်မယားအဖြစ်ရောင်းစားခံရသော မြန်မာအမျိုးသမီးနှင့် မယားဝယ်ယူစာချုပ်။

