၂၄.၅.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီး၊ ချီဘာ စီရင်စု အတွင်းမှာမှာရှိတဲ့ စျေးရောင်းစင်တာ ကုန်တိုက်တစ်ခုရဲ့ ကားရပ်ဖို့နေရာမှာ အမေရိကန်နိုင်ငံသားတစ်ဦးက ငရုတ်ကောင်းဆေးဖျန်းဘူးကိရိယာနဲ့ မေလ ၂၃ ရက်မှာ လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် လူ ၄၀ ကျော်ဒဏ်ရာရခဲ့ပြီး တရားခံကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ က စုစုပေါင်း အမျိုးသားနဲ့အမျိုးသမီး ၄၄ ဦးဟာ ငရုတ်ကောင်းဆေးဖျန်းဘူးကိရိယာနဲ့ တိုက်ခိုက်ခံရလို့ မျက်လုံးနဲ့လည်ချောင်းများ နာကျင်တဲ့ဝေဒနာတွေခံစားခဲ့ရပြီး ၁၂ ဦးကိုတော့ သူနာတင်ယာဉ်နဲ့ ဆေးရုံကိုတင်ပို့ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အသက်အန္တရာယ်ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ စီးကရက်သောက်မှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတစ်ရပ်ကနေစဖြစ်ခဲ့တာလို့ သိရပါတယ်။ အမေရိကန်နိုင်ငံသား Lin Eric Yen Ju သူ့ရဲ့ကားထဲမှာပါလာတဲ့ ငရုတ်ကောင်းဆေးဖျန်းဘူးကိရိယာနဲ့ လိုက်လံတိုက်ခိုက်ခဲ့တာလို့ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ဖမ်းဆီးခံရသူကလည်း စွပ်စွဲချက်တွေကို ဝန်ခံခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောခဲ့ကြပါတယ်။
ပြင်းထန်တဲ့အကြမ်းဖက်မှုတွေက ဂျပန်နိုင်ငံမှာဖြစ်ခဲလှပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဂျပန်နိုင်ငံအတွင်း ဓားနဲ့တိုက်ခိုက်မှုတွေ၊ လက်လုပ်ပေါက်ကွဲရေး ကိရိယာတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Ref- NHK
