၂၃.၅.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ မေလ ၂၁ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး သတ်ဖြတ်ခံရမှုမှာ ဒီအကြမ်းဖက်မှုက မည်သူကြောင့်ဖြစ်ရတယ်။ အဓိက လက်သည်တရားခံကတော့ ဘယ်သူပဲ၊ ဘယ်အဖွဲ့အစည်းပဲ၊ ဘယ်နိုင်ငံပဲ အငြင်းမပွားလိုပါဘူး။ ဒါပေမယ့် မိုင်ပေါင်းထောင်ချီတဲ့အရပ်တွေကနေ ဝါရှင်တန်မှာ လာရောက်ဆုံတွေ့ကြပြီးနောက် ဖူးစာပါလို့ လက်တွဲကြရမယ့် အခြေအနေရောက်နေပြီးမှ အတူတူ သေပွဲဝင်ရတဲ့ သူတို့နှစ်ဦးအဖြစ်က ကြားရ ဖတ်ရ သိရသူမှန်သမျှ ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကြီးဖြစ်ခဲ့ရတယ်လို့ ဆိုချင်ပါတယ်။
သူတို့နှစ်ဦးကတော့ ထိုနေ့က ပါလက်စတိုင်းအစွန်းရောက်တစ်ဦးရဲ့ ပစ်ခတ်မှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦးဖြစ်ကြတဲ့ ယာရွန် လစ်ချင်စကီးနဲ့ ဆာရာ မီလ်ဂရင်တို့ ဖြစ်ကြပါတယ်၊ အမျိုးသားဖြစ်တဲ့ အသက် ၃၀ နှစ်ရှိ လစ်ချင်စကီးက အစ္စရေးနိုင်ငံသားဖြစ်ပြီး ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှာ လာရောက်အမှုထမ်းနေသူပါ။ သူက ဂျာမနီနိုင်ငံမှာကြီးပြင်းလာခဲ့ပြီး အစ္စရေးကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှာ တာဝန်ပေးခြင်းခံရတာပါ။
အသက် ၂၆ နှစ်ရှိ မီလ်ဂရင်ကတော့ အမေရိကန်ပြည်ထောင်စု၊ ကန်ဆက်ပြည်နယ်၊ Overland Park မြို့မှာ ကြီးပြင်းခဲ့တာ ဖြစ်ပြီး ဝါရှင်တန်ကို ဘွဲ့လွန်ဒီဂရီတစ်ခုရဖို့ ပြောင်းရွှေ့လာတာပါ။ အစ္စရေးနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ညှိ နှိုင်းဆွေးနွေးမှုမြှင့်တင်ရေးအဖွဲ့တစ်ခုမှာ တစ်နှစ်လောက်အပျော်တမ်းလုပ်ခဲ့ပြီးတဲ့နောက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်မှာ ဟားမားစ်တို့ရဲ့အစ္စရေးနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းမှာ အမေရိကန်ရှိ အစ္စရေးသံရုံးမှာ စတင်အမှုထမ်းလာတာပါ။
အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးနိုင်ငံအကြား မိုင်ပေါင်းထောင်ချီဝေးတဲ့ နိုင်ငံနှစ်ခုမှ သူတို့နှစ်ဦးဟာ ဝါရှင်တန်ဒီစီရှိအစ္စရေးသံရုံးမှာ လာရောက်ဆုံတွေ့ခဲ့ကြပြီးတဲ့နောက်မှာတော့ တစ်ဦးနဲ့တစ်ဦး ချစ်ကျွမ်းဝင်တဲ့အထိ ဖြစ်ခဲ့ကြရတာပါ။
ဒါပေမယ့် ဒီလိုဝေးကွာတဲ့အရပ်ဒေသတွေကနေ မိုင်ပေါင်းထောင်ချီဝေးကြတဲ့ ဝါရှင်တန်မှာ လာရောက်တွေ့ဆုံခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းက မေလ ၂၁ ရက် ညနေပိုင်းမှာ ဝါရှင်တန်ရှိ Capital Jewish Museum ပြတိုက်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုကနေ သူတို့နှစ်ယောက် ထွက်ခွာလာချိန်မှာ သေနတ်သမားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် နှစ်ဦးလုံးသေဆုံးရပြီးတဲ့နောက် ဝမ်းနည်းဖွယ်ရာအဆုံးသတ်ခဲ့ရပါတော့တယ်။
ဒီမှာ ပိုကြေကွဲဖို့ကောင်းတာက လစ်ချင်စကီးနဲ့ မီလ်ဂရင် တို့စုံတွဲက နောက်အပတ်မှာ အစ္စရေးကို ခရီးထွက်ဖို့ ပြင်ဆင်ထားကြတာပါ။ မီလ်ဂရင်အနေနဲ့ လစ်ချင်စကီးရဲ့ မိသားစုကို တစ်ခါမှမတွေ့ဖူးပါဘူး။ ဒီတော့ နောက်အပတ်ထဲမှာ လစ်ချင်စကီးက မီလ်ဂရင်ကို ဂျေရုဆလင်ကို ဆွေပြမျိုးပြခေါ်သွားမယ်။ ပြီးတော့ မိဘတွေရှေ့မှာပဲ မီလ်ဂရင်ကို သူက ချစ်ရေးဆိုမှာဖြစ်ပြီး စေ့စပ်ကြောင်းလမ်းမှုလုပ်ဖို့ လစ်ချင်စကီးက စေ့စပ်လက်စွပ်တောင် ဝယ်ယူပြီးပြီလို့ သိရပါတယ်။
ထပ်ပြီး စိတ်မကောင်းစရာဖြစ်ရပြန်တာကတော့ သူတို့နှစ်ဦးစလုံးက စစ်ရေးတိုက်ခိုက်မှုထက် သံတမန်ရေးအရ ဖြေရှင်းဆောင်ရွက်မှုကိုသာ လက်ခံယုံကြည်သူနှစ်ဦးလို့ လုပ်ဖော်ကိုင်ဘက်တွေက ဆိုပါတယ်။ မေလ ၂၁ ရက် ညက Capital Jewish Museum ပြတိုက်မှာ လူငယ်ပညာရှင်များအတွက် အမေရိကန်-ဂျူးကော်မတီက ပြုလုပ်တဲ့ အစည်းအဝေးကလည်း ဂါဇာကမ်းမြောင်လို စစ်ဘေးဒဏ်ခံနေရတဲ့ ဒေသတွေက ပြည်သူတွေအတွက် လူသားချင်းစာနာမှုအထောက်အပံ့တွေ ဘယ်လိုပို့ပေးမလဲဆိုတာ ဆွေးနွေးခဲ့ကြတာပါ။
လစ်ချင်စကီးနဲ့ မီလ်ဂရင်တို့စုံတွဲရဲ့ ဖြစ်ရပ်ကတော့ ကြားရသူမှန်သမျှ စိတ်ထိခိုက်စရာဖြစ်ခဲ့ရပါတယ်။ လူ့အသိုင်းအဝိုင်းမှာ အကြမ်းဖက်မှုတွေရှိနေသမျှ ဒီလိုအဖြစ်ဆိုးတွေကြောင့် ဒီလိုကြေကွဲဝမ်းနည်းဖွယ်ရာတွေသာမက ဒီထက်ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံကြရမှာပါ။ လူသားတွေအတွက် အဖြစ်ဆိုးတွေဖြစ်ကြရမှာပါ။ ဒါပေမယ့် ဒီလို အကြမ်းဖက်လုပ်ရပ်တွေကိုမှ ဝမ်းသာကျေနပ်သူ တချို့ ရှိနိုင်ပေမယ့် ဒါက အခိုက်အတန့်အားဖြင့် မကောင်းတဲ့လုပ်ရပ်မှာ ကျေနပ်မိတာမျိုးဖြစ်ပြီး တကယ်စစ်မှန်တဲ့ဝမ်းသာကျေနပ်မှု မျိုးဖြစ်စေမှာမဟုတ်ဘူးဆိုတာ သိသင့်ကြပါတယ်။
ဒါကြောင့်လည်း ကြေကွဲဖွယ် အစ္စရေးသံရုံးဝန်ထမ်းစုံတွဲရဲ့ ဖြစ်ရပ်ကိုကြည့်ရင်း မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းမှာပါ အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းဖို့ MT News က ဆုတောင်းရပါတယ်။
Ref- CNN
