၂၃. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ကြောင့် ထိခိုက်ခဲ့သည့်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ထိခိုက်မှုမရှိသည့် တိုင်းနှင့်ပြည်နယ်များကလည်း မွေးမြူရေးလုပ်ငန်းကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးညိုစောက ယမန်နေ့တွင် ပြုလုပ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ တတိယအကြိမ်အစည်းအဝေး၌ မှာကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မန္တလေးငလျင်ကြီးကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှာ ထိခိုက်ပျက်စီးမှုများအပေါ် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ပြီး ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရေး၊ မွေးမြူရေးလျာထား ချက်များ ပြည့်မီရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး လျာထားချက်ပြည့်မီစေရန် ကဏ္ဍအလိုက်၊ ဒေသအလိုက် တင်ပြမှုများကို ကော်မရှင်အနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်သည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးကို တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း၊ ငလျင်ထိခိုက်မှုမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲမှ မေ ၂၀ ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများအနေဖြင့် မိမိတို့၏ တင်ပြချက်များသည် အချက်အလက်များ မှန်ကန်မှုရှိရန်နှင့် မြေပြင်အချက်အလက်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ အချက်အလက်များမှန်ကန်မှုရှိမှသာလျှင် နောင်တွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များအတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ကြောင်း မှာကြားထားကြောင်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် အဖွဲ့ချုပ်များ၊ လုပ်ငန်းရှင်များအနေဖြင့် လမ်းညွှန်မှာကြားချက်များကို အလေးထားလိုက်နာဆောင်ရွက်ပြီး လိုအပ်ချက်ကို ဆွေးနွေးပေးနိုင်ရန်နှင့် ကော်မရှင်အနေဖြင့် မိမိတို့နိုင်ငံနှင့် သင့်တော်သောနည်းလမ်းနှင့် စနစ်ကို လက်တွေ့အကောင် အထည်ဖော်နိုင်ရေး ဦးတည်ပြီး ညှိနှိုင်းပေါင်းစပ် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားသည်။
