၂၃ .၅ .၂၀၂၅
Written by Hey Mar
ပဲခူးမြို့က ပျောက်ဆုံးဆယ်ကျော်သက်လူငယ်ကို ပျောက်ဆုံးပြီး သုံးရက်မြောက်နေ့မှာ အသက်သေဆုံးလျက်သား အလောင်းသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
အဆိုပါ လူငယ်ပျောက်ဆုံးနေကြောင်းကို မေလ ၂၀ ရက် ည ၇ နာရီလောက်မှာ မိသားစုဝင်တွေက လူမှုကွန်ရက်ပေါ် ဓာတ်ပုံနဲ့တကွရေးတင်ကာ အသိပေးရှာဖွေနေတာပါ။ လူငယ်က အသက် ၁၃ နှစ်အရွယ် အခုလာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အဋ္ဌမတန်းတက်ရောက်မယ့် မောင်သက်နိုင်မင်းလို့ သိရှိရပြီး သူ့ရဲ့ ရုပ်အလောင်းပြန်တွေ့တဲ့နေရာက ပဲခူးမြို့၊ မဇင်းဆည်ဘောင်ဘေး ချုံပုတ်ထဲမှာ လက်ပြန်ကြိုးတုပ်လျက်အနေအထားနဲ့ ပြန်လည်တွေ့ရှိတာလို့ သိရပါတယ်။
ပဲခူးမြို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “အခုက အလောင်းကို ရင်ခွဲ စစ်ဆေးနေတယ်။ ပြန်ပေးပုံစံမျိုး ဖြစ်နေတယ်။ သတိထားနေရတယ်။ ပထမ ဖုန်းတစ်လုံးနဲ့ ကေပေးအကောင့်ကို ငွေငါးသိန်းလွှဲခိုင်းတယ်။ ဒုတိယဖုန်းတစ်လုံးနဲ့ သိန်းတစ်ရာ လွှဲခိုင်းတယ်”လို့ ဖြစ်စဉ် ယေဘုယျအခြေအနေတချို့ကို MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
ပဲခူး မဇင်းဆည်အနီးတစ်ဝိုက်က မကြာခဏ လုယက်မှုတွေလည်း ဖြစ်ပွားတတ်ပြီး မူးယစ်ဆေးသုံးစွဲသူတချို့ စတည်းချတတ်တဲ့နေရာလို့လည်း ဒေသခံတချို့က ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကပဲ စုံတွဲတွေဆီကနေ ဖုန်းနဲ့ ပိုက်ဆံ၊ ဆိုင်ကယ် လုယက်သူသုံးဦးကို ပဲခူးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါသေးတယ်။
