၂၃. ၅. ၂၀၂၅
Written by Hey Mar
ကျိုချက်နေတဲ့ ထောပတ်အိုးမွှေနေရင်း ရုတ်တရက် အတက်ရောဂါဖောက်လာလို့ အိုးထဲပြုတ်ကျသူအမျိုးသားတစ်ဦးကို အချိန်မီဆေးရုံတင်ပို့ပေမယ့် ဆေးရုံမှာကုသမှုခံယူနေစဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က မေလ ၂၂ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က စစ်ကိုင်းမြို့ စျေးကုန်းရပ်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားမှာ အတက်ရောဂါကြောင့် ထောပတ်ကျိုနေရင်း အိုးထဲပြုတ်ကျလို့ တစ်ကိုယ်လုံးနီးပါး အပူလောင်၊ အရည်ပြားကွာကျ ဒဏ်ရာတွေရရှိကာ ဆေးရုံတင်ပို့ခဲ့ရတာလို့ သိရပါတယ်။
မြေပြင်မှာ သွားရောက်ကူညီပေးခဲ့တဲ့ အိုးဘို Recuse မှ တာဝန်ရှိသူက “ကျွန်တော်တို့ရောက်တော့ သူက ထပြီး မတ်တပ်ရပ် လမ်းလျှောက်တာတွေ ဘာတွေ လုပ်နိုင်သေးတာ။ အပူလောင်တာကတော့ တစ်ကိုယ်လုံးပဲ။ သူပုဆိုးဝတ်ထားတဲ့ နေရာပဲ နည်းနည်း တော်သေးပေမယ့် ထိတော့ ထိတာပဲ။ ဆေးရုံရောက်ပြီး တစ်နာရီလောက်ပဲ ခံတယ်။ ဆုံးတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်ကိုင်းဆေးရုံကနေ အိုးဘို Rescue အသင်းကပဲ သူ့ရဲ့စျေးကုန်းရပ် နေအိမ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။


