MT News
၂၃. ၅. ၂၀၂၅
အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယို ရိုက်ကူးပြီး Live လွှင့်ကာ ရရှိသည့် အကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၃၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ ရွှေကမ်းသာယာအိမ်ရာ Block 84 တိုက်အမှတ် (၅) တွင် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Mr. Wang Shaohua (၃၉)နှစ်၊ (ဘ) ဦးဝမ်းရှင်းဖား၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ၊ Mr. Yung Kun (၃၇)နှစ် (ဘ)ဦးရန်ပေါင်စွင့် တာ့လျန်ပြည်နယ်၊ တရုတ်နိုင်ငံ၊ Mr. Zeng Yuan (၂၉)နှစ် (ဘ) ဦးကျင်းယုံကောင်း၊ စီချွမ်ပြည်နယ်၊ တရုတ်နိုင်ငံနှင့် အဲလစ်စစ်(ခ) နော်မူးရှီးဖော(ခ) ကျဲကျဲ(မ) (၃၂)နှစ် (ဘ) ဦးစောလားချရှီး ဧရာဝတီတိုင်းဒေသကြီးနေသူတို့က မြန်မာအမျိုးသမီးစုံတွဲ လေးတွဲတို့ကို Sex Video ရိုက်ကူး၍ Live လွှင့်ကာ ရရှိသည့် အကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့မရဲစခန်းက (ပ) ၈၇၆/၂၀၂၄၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့သည်။
အမှုကို အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ၂၀၂၅ ခုနှစ် မေ ၂၀ ရက်တွင် တရားခံ Mr. Wang Shaohuai Mr. Yung Kuni Mr. Zeng Yuan နှင့် အဲလစ်စစ် (ခ) နော်မူးရှီးဖော (ခ) ကျဲကျဲ (မ) တို့လေးဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် (၂၀) စီနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (ခ) အရ အလုပ်နှင့်ထောင်ဒဏ်(၁၀)နှစ်စီကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ထို့အပြင် အဆိုပါအမှုတွဲမှ တိမ်းရှောင်တရားခံ သူသူရှိန်(မ) ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။
