၂၃.၅.၂၀၂၅
Written By Zun
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာတွင် အသက် ၁၆ နှစ် အရွယ် ၉ တန်း ကျောင်းသူအား အဓမ္မပြုကျင့်သတ်ဖြတ်သူနှစ်ဦးကို သေဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျူးလွန်ခဲ့သူနှစ်ဦးကို တောင်ငူခရိုင်တရားရုံးက ယမန်နေ့ မေလ ၂၂ ရက်တွင် သေဒဏ်၊ မသေမချင်းကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ကျူးလွန်မှု ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၁၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး ဖခင်ကရွာရှိ သစ်စက်၌ ညပိုင်း အလုပ် လုပ်ကိုင်နေပြီး မိခင်က နံနက် ၅ နာရီခန့်ထ၍ ဖက်ကောက်ရန် သွားနေစဉ် အဆိုပါကျောင်းသူက နေအိမ်၌ တစ်ဦးတည်းကျန်ရှိနေချိန် အဓမ္မပြုကျင့်အသတ်ခံခဲ့ရသော အမှုလည်း ဖြစ်သည်။
သေဆုံးသူ၏ရုပ်အလောင်းကို တောင်ငူဆေးရုံသို့ပို့ဆောင်၍ ရင်ခွဲစစ်ဆေးရာ မှုခင်းဆရာဝန်၏ ဆေးစစ်ချက် အဖြေမှာ အဓမ္မပြုကျင့်ခံထားရကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မတ်လ ၂၁ ရက်က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုတွင် အိမ်နီးချင်း အမျိုးသားသုံးဦးက ပူးပေါင်းကျူးလွန်ခဲ့ကြောင်း သံသယဖြင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့၏ စစ်ဆေးမှုများအရ သိရသော်လည်း နှစ်ဦးကိုသာ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းမိသူများမှာ အသက် ၂၀ ခန့်အရွယ် သန်းထိုက်အောင်(ခ)သားပေါက်နှင့် စည်သူနိုင်(ခ)မှဲ့ကြီးဆိုသူတို့ ဖြစ်ပြီး ကျူးလွန်ရာတွင် ပါဝင်သည့် မှဲ့ကြီး၏ ညီတော်စပ်သူမှာ ထွက်ပြေးနေဆဲဖြစ်ကြောင်း သိရသည်။
ဖမ်းမိသူများကို စစ်ဆေးရာ ၎င်းတို့က ကျောင်းသူအား အဓမ္မပြုကျင့်ပြီး သိန်းထိုက်အောင်(ခ)သားပုက နိုင်လွန်ကြိုးဖြင့် လည်ပင်းကိုရစ်ပတ်ထားရာ စည်သူနိုင်(ခ)မှဲ့ကြီးက အိမ်ပေါ်တွင် အသင့်တွေ့သည့်ဓားမဖြင့် လည်ပင်းကိုခုတ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြကြောင်း သိရသည်။
ယင်းကြောင့် တောင်ငူခရိုင်တရားသူကြီးရုံးက ရာကြီးအမှုအမှတ် ၄၇/ ၂၀၂၅ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုကျုးလွန်ကြောင်းပေါ်ပေါက်၍ ဖမ်းမိထားသူနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)/၃၄ အရ မသေမချင်းကြိုးကွင်းစွပ် သတ်စေ ဟု အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
