၂၃. ၅. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းအတွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များ လက်ရှိထုတ်လုပ်မှုသည် လုံလောက်မှုမရှိသေး၍ တာဝန်ရှိသူများအားလုံး လူဦးရေနှင့်အညီ Supply နှင့် Demand ကို မျှတမှုရှိစေရေး တွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးရေးမွေးမြူရေးဇုန်နှင့် ရွှေပြည်သာ စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး နေ့စဉ်စားသုံးသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များ လုံလုံလောက်လောက်ရှိစေရေး လုံလောက်စွာ ထုတ်လုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရေးဆွဲထားသည့် စီမံကိန်းများအလိုက် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင် သတ်မှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးဇုန်များအလိုက် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များကို ထုတ်လုပ်သွားရန်လိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
လက်ရှိထုတ်လုပ်နေမှုများမှာ လုံလောက်မှုမရှိသေးသဖြင့် စီမံကိန်းရေးဆွဲသူများ၊ စီမံကိန်းအပေါ် စီမံဆောင်ရွက်ရေးကြီးကြပ်ရမည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အကောင်အထည်ဖော်ကြရမည့် ထုတ်လုပ်သူများအနေဖြင့် လူဦးရေနှင့်အညီ Supply နှင့် Demand ကို မျှတမှုရှိစေရေးတွက်ချက်၍ စားရေရိက္ခာဖူလုံမှုရှိစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် အဆင့်ဆင့်ကြပ်မတ်သူ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျကြပ်မတ် အကောင်အထည်ဖော်ရမည့်အပြင် မွေးမြူရေးအတွက်လိုအပ်သည့် မျိုး၊ အစာ၊ ဆေးတို့ကိုလည်း အချိန်မီရရှိရေး ကူညီဆောင်ရွက်ပေးကြရန်လိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာ စိုက်ပျိုးမွေးမြူခြင်းထက် ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးမွေးမြူရေးစနစ်များကို ဆောင်ရွက်သွားရန်လိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
SAC ဒုတိယဥက္ကဋ္ဌသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်လျက်ရှိသည့် ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန်စီမံကိန်းသို့ ရောက်ရှိစစ်ဆေးစဉ် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ တိရိစ္ဆာန်အစားအစာများ ထုတ်လုပ်ပြီး မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းဒေသများသို့ သက်သာသည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းပေးနိုင်ရေး ဆောင်ရွက်ရန် SAC ဒုတိယဥက္ကဋ္ဌက မှာကြားခဲ့သည်။
တိရိစ္ဆာန်အစာ ထုတ်လုပ်မှုအပိုင်းတွင် ကျွမ်းကျင်ပညာရှင်များရှိပြီးဖြစ်၍ အမှန်တကယ် အောင်မြင်သည့် အစာစပ်နည်းစနစ်များဖြစ်အောင် ဆောင်ရွက်သွားရန်၊ အစေ့ထုတ် ပြောင်းစပ်မျိုး (Hydrid) မျိုးစေ့များ ထုတ်လုပ်ရာတွင်လည်း သုံးစွဲသူတောင်သူများအတွက် အာမခံမှုရှိသည့် မျိုးများဖြစ်ရန်လိုအပ်ပြီး စိုက်ပျိုးသည့် တောင်သူများ သီးထပ်စိုက်ပျိုးနိုင်သည့် ပြောင်းမျိုးစေ့များ ဖြစ်စေရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် SAC ဒုတိယဥက္ကဋ္ဌက မှာကြားခဲ့သည်။






