
၂၃. ၅. ၂၀၂၅
Written by Nyein Kyaw
(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်အပါး ၉၇ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအတွင်း၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ဆပ်ကပ် ကြည်ညိုခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော်များ၊ တိပိဋကပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များ တက်ရောက်ခဲ့ကြသည်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များအား ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်ရာတွင် ပိဋကသုံးပုံလုံးကို အာဂုံနှင့်တကွ ရေးဖြေ အောင်မြင်တော်မူသဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋက မဟာဂန္တဝင်နိကာယ်ကျောင်းတိုက်မှ အရှင်သေဋ္ဌ ဉာဏာလင်္ကာရအား SAC ဒုတိယဥက္ကဋ္ဌက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပိဋကနှစ်ပုံ ရေးဖြေအောင်မြင်တော်မူသဖြင့် ဒီဃနိကာယကောဝိဒ ဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာဓဇာလင်္ကာရနှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဟာဝိသုဒ္ဓါရုံရွှေကျင် တိုက်သစ်မှ အရှင်စန္ဒောဘာသာလင်္ကာရ၊ ပိဋကနှစ်ပုံ အာဂုံအောင်မြင်တော်မူသဖြင့် ဒီဃဘာဏကဘွဲ့ရရှိတော်မူသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်း၊ မိုးမိတ်ကုန်းမြေ၊ တိပိဋက နိကာယကျောင်းတိုက်မှ အရှင်ဇနပ္ပိယာလင်္ကာရနှင့် အရှင်တိလောကတို့အား SAC အဖွဲ့ဝင် ဒေါက်တာဘရွှေက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒီဃဘာဏက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၉ ပါး၊ ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁ ပါး၊ ဝိနယဓရဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၄၆ ပါးတို့အား တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ၊ အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ SAC ဒုတိယဥက္ကဋ္ဌနှင့် အလှူရှင်များ၊ ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြခဲ့ပြီးနောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား ဓမ္မပူဇာအဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ပိဋကသုံးပုံ အာဂုံရေးဖြေအောင် တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့ရသာသနာ့ အာဇာနည်အရှင်မြတ် ၁ ပါး၊ ပိဋကနှစ်ပုံ ရေးဖြေအောင် ဒီဃနိကာယကောဝိဒ အရှင်မြတ် ၂ ပါး၊ ပိဋကနှစ်ပုံ အာဂုံအောင် ဒီဃဘာဏက အရှင်မြတ် ၁၁ ပါး၊ ပိဋကတစ်ပုံ ရေးဖြေအောင် ဝိနယကောဝိဒ အရှင်မြတ် ၁ ပါး၊ ပိဋကတစ်ပုံ အာဂုံအောင် ဝိနယဓရ အရှင်မြတ် ၂၉ ပါး၊ ဝိနယပိဋက ရှေ့ပိုင်းရေးဖြေအောင် ဥဘတောဝိဘင်္ဂကောဝိဒ အရှင်မြတ် ၇ ပါးနှင့် ဝိနယ ပိဋက ရှေ့ပိုင်း အာဂုံအောင် ဥဘတောဝိဘင်္ဂဓရ အရှင်မြတ် ၄၆ ပါး စုစုပေါင်း ၉၇ ပါး အောင်မြင်တော်မူခဲ့ကြောင်း သိရသည်။
ယခု ကျင်းပပြီးစီးခဲ့သည့် (၇၇) ကြိမ် မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲအထိ (၇၇) နှစ်တာကာလအတွင်း တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် (၁၇)ပါး ပေါ်ထွန်းခဲ့ပြီး ယင်းဘွဲ့တံဆိပ်တော်ကိုရရှိပြီး၍ (၅)နှစ်ပြည့်မြောက်သည့်အခါ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်မှ ဆက်ကပ်သည့်အတွက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့ရဆရာတော်ကြီး ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်၍ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာဦးမည်ဖြစ်ကြောင်း သိရသည်။
