၂၃.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်မှာ အခြေစိုက်တဲ့ Devil Wears Prada တေးဂီတအဖွဲ့မှ ဒရမ်တီးသူဟောင်း ဒန်နီယယ် ဝီလျံစ်ဟာ မေလ ၂၂ ရက်က လေကြောင်းဖြင့်ခရီးသွားနေတုန်း လေယာဉ်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့အနီး ရပ်ကွက်တစ်ခုအပေါ် ပျက်ကျခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
လေယာဉ်ပျက်ကျမှုမှာ ဂီတပညာရှင် ဒန်နီယယ် ဝီလျံစ် တစ်ဦးတည်းမဟုတ်ဘဲ အခြားငါးဦးလည်းသေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဆိုကြပါတယ်။ လေယာဉ်က ET စံတော်ချိန် မေလ ၂၁ ရက်၊ ည ၁၁း၁၅ နာရီ(မြန်မာစံတော်ချိန် မေလ ၂၂ ရက် နံနက် ၉း၄၅ နာရီ) မှာ နယူးဂျာစီပြည်နယ်ရှိ တီတာဘိုရို လေဆိပ်) ကနေ စတင်ထွက်ခွာလာတာပါ။ ပြီးရင် လေယာဉ်က ကန်းဆက်မှာ ဆီဖြည့်ဖို့ရပ်နားပြီး ကယ်လီဖိုးနီးယားကို ခရီးဆက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် မေလ ၂၂ ရက် နံနက်အစောပိုင်းမှာ လေယာဉ်က ဆန်ဒီယေဂိုမြို့အနီး ရပ်ကွက်တစ်ခုအပေါ် ပျက်ကျခဲ့တာမှာ မြေပြင်ရှိအိမ်တစ်လုံးကို ဝင်ဆောင့်တိုက်ခဲ့တာကြောင့် Devil Wears Prada တေးဂီတအဖွဲ့မှ ဒရမ်တီးသူဟောင်း ဒန်နီယယ် ဝီလျံစ် အပါအဝင် လေယာဉ်ပေါ်ပါ တခြားလူတွေပါ အများအပြားသေဆုံးခဲ့ရတာပါ။
နံနက် ၄ နာရီထိုးခါနီးမှာ လေယာဉ်ပျက်ကျမှုကြောင့် ကျယ်လောင်လှတဲ့အသံကြီးထွက်ပေါ်လာမှုနဲ့အတူ လေယာဉ်ပျက်ကျတဲ့အိမ်က မီးတောက်တွေ ဝါးမြိုတာခံလိုက်ရပြီး လေယာဉ်ဆီတွေက လမ်းပေါ်ကိုလျှံကျလာပြီး ကားခြောက်စီးလောက်ပါ ဆက်လက်မီးလောင်ကျွမ်းခံခဲ့ရတာကြောင့် အမေရိကန် ရေတပ်ပိုင်အိမ်ရာ ရပ်ကွက်ထဲရှိ လူတွေအားလုံး အိပ်ရာက လန့်နိုးခဲ့ကြပါတယ်။
ဆန်ဒီယေဂိုမြို့ ရဲချုပ် စကော့တ်ဝါးလ် က “ကျွန်တော် ဒီလေယာဉ်ပျက်ကျတဲ့မြင်ကွင်းကို ဘယ်လိုစကားလုံးတွေနဲ့ ပြောရမလဲတောင် မသိတော့ဘူး။ လမ်းပေါ်ကို လေယာဉ်ဆီတွေကျပြီး ရှိသမျှ အကုန်ကူးစက်လောင်ကျွမ်းတာ ကြည့်ရတာကြောက်ဖို့ကောင်းလိုက်တာ” လို့ ပြောခဲ့ပါတယ်။
လေယာဉ်ပျံသန်းမှုလမ်းကြောင်းအရ လေယာဉ်က Montgomery-Gibbs လေဆိပ်ကို ချဉ်းကပ်လာခိုက်မှာ လေယာဉ်ကွင်းအရှေ့တောင်ဘက်မှာရှိတဲ့ နှစ်မိုင်ခန့်ရှည်တဲ့ ပါဝါဓာတ်အားလိုင်းတွေကိုဝင်တိုက်မိခဲ့တာလို့ စကောတန်ကပြောခဲ့ပါတယ်။ နံနက် ၃း၄၅ နာရီမှာ လေယာဉ်မှူးက လေယာဉ်ဟာ ကွင်းကနေ သုံးမိုင်ခန့်အကွာကိုရောက်နေပြီလို့ နောက်ဆုံးသတင်းပို့ခဲ့တယ်လို့ သိရပါတယ်။ ထိုအချိန်မှာ မြူတွေ အလွန်ထူထပ်နေတာကြောင့် ရှေ့ရှိအရာတွေကို သဲသဲကွဲကွဲ မမြင်နိုင်တဲ့ အချိန်လို့လည်း သိရပါတယ်။
လေယာဉ်ပျက်ကျမှုမှာမြေပြင်မှာတော့ တစ်စုံတစ်ဦးမှ အသက်ဆုံးရှုံးမှုမရှိခဲ့ပါဘူး။ ဒါပေမယ့် လူရှစ်ယောက်ကတော့ မီးခိုးငွေ့တွေကြောင့် အသက်ရှုကျပ်တာအပြင် အသက်ဘေးမစိုးရိမ်ရတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံတင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။
ပြည်ထောင်စုလေကြောင်းပျံသန်းရေးစီမံခန့်ခွဲမှုအဖွဲ့က လေယာဉ်ပေါ်မှာ လူခြောက်ဦး လိုက်ပါသွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ လေယာဉ်ပေါ်ပါသူအားလုံး သေဆုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မည်သူမည်ဝါတွေလို့ ထုတ်ဖော်ပြောကြားမှု မရှိသေးပါဘူး။
Ref, The Mirror


