
၂၂. ၅. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် မေလ ၂၀ ရက်ညက အရွယ်မရောက်သေးသည့် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၂၀ အရွယ် ထိုင်းအမျိုးသမီးတို့ နှစ်ဦးကို တစ်ညတည်းတွင် အဓမ္မပြုကျင့်ပြီး လုယက်မှုများ ကျူးလွန်ခဲ့သည့် မြန်မာ အမျိုးသားတစ်ဦးကို ယနေ့ ဖမ်းဆီးနိုင်ခဲ့သည်။
သံသယတရားခံသည် ထိုင်းအမျိုးသမီးသုံးဦးကို ဆိုင်ကယ်ဖြင့် လိမ်လည်ခေါ်ဆောင်ကာ ဓားဖြင့်ခြိမ်းခြောက် မုဒိမ်းကျင့်၍ လုယက်မှုကျူးလွန်ခဲ့ရာ နှစ်ဦး အထမြောက်ခဲ့ပြီး အခြားအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်လုယက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဟုလည်း ထိုင်းသတင်းများက ဖော်ပြသည်။

ရဲတပ်ဖွဲ့သည် CCTV ကင်မရာ ၄၀ ကျော်ကို စုံစမ်းစစ်ဆေးပြီးနောက် တရားခံက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဆိုင်ကယ်မှာ Honda Wave 125 အနီ-အနက်ရောင်၊ ချွန်ဘူရီပြည်နယ်လိုင်စင်ဆိုင်ကယ် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ တရားခံသည် ချွန်ဘူရီခရိုင်၊ စရီရာချာမြို့နယ်ဘက်သို့ ထွက်ပြေးသွားပြီး ဘန်ဆူခါဝတီအနီးရှိ ဆီဆိုင်တွင် ဆီဖြည့်ခဲ့ကြောင်းလည်း တွေ့ရှိခဲ့သည်။
ထိုသို့ တွေ့ရှိခဲ့ပြီးနောက် ဖမ်းမိမှုဖြစ်စဥ်မှာ ယနေ့ မေလ ၂၂ ရက် နေ့လယ် ၃ နာရီတွင် ပတ္တရားမြို့မ ရဲစခန်းမှ စခန်းမှူး ရဲမှူးကြီး အနက် ဆာထောင်ယူနှင့် ဒုရဲမှူးကြီး အာရွတ် ဆာဖာနွန် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စရီရာချာခရိုင်၊ ဘူးအမ်ခရိုင်ခွဲ၊ နောင်ခမ်း၊ ဆွိုင်ရွန်းခရောင်းရှိ ငှားရမ်းထားသော အခန်းတစ်ခန်းတွင် သံသယ တရားခံကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ တရားခံနှင့်အတူ ပြစ်မှုများတွင် အသုံးပြုခဲ့သည့် ပခုံးအိတ်၊ ပထမသားကောင်၏ မိုဘိုင်းဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တို့ကို အခန်းရှေ့တွင် ရပ်ထားကြောင်း CCTV မှ ရရှိသော ခိုင်မာသည့် အထောက်အထားများဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မုဒိမ်း၊ လုယက်မှုကျူးလွန်သူသည် ထိုင်းနိုင်ငံတွင် ရိုတီရောင်းသော မြန်မာနိုင်ငံ၊ ကျိုက်မရောမြို့မှ အသက် ၂၇ နှစ်အရွယ်ရှိ တင်ငွေဆိုသူဖြစ်ပြီး တရားခံသည် ရဲတပ်ဖွဲ့ကို ဘတ် ၁၅,၀၀၀ လာဘ်ထိုးရန် ကြိုးပမ်းခဲ့သည်။ ၎င်းအပြင် တင်ငွေက ဇနီးဖြစ်သူ ကိုယ်ဝန်ရှိနေ၍ ပြည့်တန်ဆာရှာရန် စရီရတ်ချာမှ ပတ္တရားသို့လာရောက်ခဲ့ကြောင်း၊ အမျိုးသမီးနှစ်ဦးလုံးက ပြည့်တန်ဆာဖြစ်ကြပြီး မုဒိမ်းမှုမဟုတ်ဘဲ ငွေကြေးဖြင့် လိင်ဆက်ဆံရန် သဘောတူခဲ့သည့်အတွက် ငွေပေး၍ ကာမဆက်ဆံခဲ့ခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ရဲတပ်ဖွဲ့ကမူ အဆိုပါ မြန်မာအမျိုးသားကို အသက် ၂၀ အရွယ်အမျိုးသမီးကို အဓမ္မပြုကျင့်မှု၊ ညစ်ညမ်းစွာ စော်ကားအပြီး ယာဉ်ဖြင့် ထွက်ပြေး၍ လုယက်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်ဟု ကနဦး သိရပြီး အသက်မပြည့်သေးသော ၁၇ နှစ်အရွယ်အမျိုးသမီးငယ်၏ ဆေးစစ်ချက်ကို စောင့်ဆိုင်းကာ ထပ်မံအမှုဖွင့်မည်ဖြစ်သည်။ ထို့အတူ တတိယသားကောင်၏ အမှူဖွင့်လှစ်မှုရှိမရှိနှင့် တရားခံ၏ ထွက်ဆိုချက်အပေါ်မူတည်၍ ပုဒ်မများ ပြောင်းလဲဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါ အမှူကို ထိုင်းနိုင်ငံတွင် လူစိတ်ဝင်စားမှုများပြားနေ၍ တော်ဝင်ထိုင်းရဲတပ်ဖွဲ့က အမှူမှန်ပေါ်ပေါက်စေရေး အမြန်ဆုံး စုံစမ်းဖော်ထုတ်ရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။
Ref, Khaosod & Amarin
