



၂၂. ၅. ၂၀၂၅
Written by Nyein Kyaw
ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၁,၂၄၈,၁၂၃ ဦး (၁ ဒသမ ၂၄၈ သန်း)ရှိကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့ မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။
ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား တစ်ပါတည်းပေးအပ်ခဲ့ကြသည်။
စာသင်ကျောင်းများနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်လျက်ရှိသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးခဲ့ပြီး အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းအပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း သိရသည်။
