
၂၂.၅.၂၀၂၅
Written By Zun
ရခိုင်အကြမ်းဖက် လက်နက်ကိုင် AA အောက် မနေလိုသည့် ရခိုင်ပြည်သူများအား AA က စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ ရခိုင်ပြည်နယ်မှ ပြင်ပသို့ထွက်ခွာမှုဖြင့် အရေးယူမည်ဟု ယနေ့ မေလ ၂၂ ရက်တွင် ခြိမ်းခြောက်စာ ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လူငယ်လူရွယ်အနည်းစုအနေဖြင့် AA က ပြဋ္ဌာန်းလိုက်သော အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အပေါ် သေချာစွာနားမလည်ဘဲ အဓိပ္ပာယ်ကောက်လွဲမှားပြီး တိုင်းပြည်တာဝန် ထမ်းဆောင်မှုကို ရှောင်လွှဲရန် ကြိုးစားအားထုတ်လာသည်ကို ကြားသိရကြောင်း၊ ယခုကာလ အ တွင်း ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာရန် ကြိုးစား အားထုတ်နေကြသူများအတွက် စည်းကမ်းချက်များ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းတွင် ကျိုးကြောင်းဆီလျော်မှုမရှိသောအကြောင်းပြချက်များဖြင့် နေရပ်စွန့်ခွာရန် လိုလားသောသူများနှင့် (NDEP) အရ စစ်မှုထမ်းရန်အကျုံးဝင်ပြီး စစ်မှုမထမ်းလို၍ ပြင်ပသို့ ထွက်ပြေးရန် ကြိုးစားကြသူများအား သွားလာခွင့်မပြုကြောင်း ၊ ပြင်းထန်ရောဂါရှိလူနာများမှ အပ အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်း၊ အမျိုးသား ဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း စစ်မှုထမ်းအကျုံးဝင်သူများကို သွားလာခွင့် မပြုကြောင်း ဖော်ပြထားသည်။
အလားတူ နေရပ်စွန့်ခွာသူများအား ကုန်းလမ်း၊ရေလမ်းတို့မှ အခကြေးငွေယူ၍ သယ်ယူပို့ဆောင်ပေးနေသူများကိုလည်း ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ အခြေခံ စားသောက်ကုန် ရောင်းခြင်း၊ ဝယ်ခြင်းလုပ်ဆောင်နေကြသည့် ကုန်သည်များ၊ နွားကုန်သည်များ၊ နွားအချ အငှားလိုက်သူများ ကုန်သည်များအနေဖြင့် သွားရောက် ချိန်တွင် လူပိုများကိုခေါ်ဆောင်ခြင်း၊ အခကြေးငွေ ယူ၍ လူကယ်ရီပို့ဆောင်ခြင်း လုံးဝမပြုလုပ်ရန် တားမြစ်လိုက်ကြောင်း ဖော်ပြထားသည်။
“ကျွန်တော်တို့က ရခိုင်ပြည်နယ်မှာ နေပြီး ဘာမှ လုပ်စရာမရှိဘူး။ တက္ကသိုလ်ကျောင်းပြီးထားပြီး ဘာမှ လုပ်စရာ မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ ရခိုင်ကနေ ကြံဖန်ပြီး လာကြပါတယ်။ တစ်ယောက်ကို ၁၅ သိန်း လောက် ကုန်ကျပါတယ်။ရခိုင်ကနေ လာတဲ့အခါ မကွေးလမ်းဘက်က လာရတာပါ။ သွားလို့ ရအောင် ကြားက လုပ်ပေးတဲ့ သူတွေကိုလည်း ပိုက်ဆံ ပေးခဲ့ရပါတယ်။ AA က အားလုံး ပိတ်ပင်ထားတာပါ။ ကျွန်တော်တို့ အဖွဲ့မှာ ဆိုရင် ကျောင်းသားတွေလည်း ပါတယ်။ကျောင်းဆက်တက်မယ့်သူတွေ ကျောင်းမတက်ရဘူးလေ”ဟု ရန်ကုန်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်က ရောက်ရှိလာသော ရခိုင်ဒေသခံ လူငယ်တစ်ဦးက MT News ကို ပြောသည်။
