၂၂. ၅. ၂၀၂၅
Written by Nyein Kyaw
အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာညွှန်ကြားချက်အရ ကိစ္စရပ်တစ်မျိုးထဲ (Single Purpose) အတွက် အသုံးပြုနိုင်ရေး ခွင့်ပြုထားသည့် ငွေပေးချေမှုကတ် ၄ ခုအား ဖျက်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ကိစ္စရပ်တစ်မျိုးထဲ ( Single Purpose)အတွက် အသုံးပြုနိုင်ရေး ခွင့်ပြုထားသည့် Kispa Nadi Express Ltd (ipay Card)၊ San Yaung Ni Road Transport Co.,Ltd (K Card)၊ Active Business Consolidation Co.,Ltd (ABC Gift Card)၊ Integrated Smart Solution Co.,Ltd (AnyPay Prepaid Card) တို့ကို လုပ်ငန်းဆောင်ရွက်ခွင့်အား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်မှစတင်၍ ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ယင်းလုပ်ငန်းများသည် အီလက်ထရောနစ်ကတ်ဖြင့် ငွေပေးချေမှုဆိုင်ရာ ညွှန်ကြားချက် (၂/၂၀၁၂)အရ ကိစ္စရပ်တစ်မျိုးထဲ (Single Purpose)အတွက် အသုံးပြုနိုင်ရေး ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် ယခုကဲ့သို့ ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
