၂၂.၅.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ ရုပ်ရှင်မင်းသမီး မမဆောင်းရဲ့ မွေးနေ့အမှတ်တရအဖြစ် လူအယောက် ၁၀၀၀ စာ စတုဒိသာအလှူနဲ့ အလှူငွေပေးအပ်ပွဲကို ယနေ့ မေလ ၂၂ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရားဝင်းမှာ ကျင်းပခဲ့ပါတယ်။
“မမဆောင်းရဲ့ အသက်ကိုတော့ အသက် ၁၈ နှစ်ပြည့်ပြီးကတည်းက ဆက်မှတ်မထားမိဘူးပေါ့နော်။ မေးရင်လည်း စိတ်ဆိုးတယ်။ မမဆောင်းအသက်ကို သိချင်ရင်တော့ အိမ်က သန်းခေါင်စာရင်းရှာကြည့်မှရမယ်။ မမဆောင်းရဲ့ မွေးနေ့ကို ငလျင်အတွက် အလှူအတန်းအနေနဲ့ သိန်း ၅၀၀ လှူဖြစ်ခဲ့ပါတယ်။ နောက် လူအယောက် ၁၀၀၀ စာအတွက် လှူဒါန်းခွင့်ရလို့လည်း ပီတိဖြစ်ရပါတယ်” လို့ သရုပ်ဆောင် မမဆောင်းက ပြောပါတယ်။
သူမရဲ့ မွေးနေ့ကို အနုပညာရှင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ဟန်ထူးဈာန်၊ သတ္တိ၊ ကိုသာဂိ၊ ပြည့်ဖြိုး၊ ပိုင်သစ်၊ ရိုတ၊ ယွန်းရွှေရည် စတဲ့သူတွေ တက်ရောက်ပြီး မွေးနေ့လက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။
မမဆောင်းရဲ့ မွေးနေ့မှာ လူအယောက် ၁၀၀၀ စာ ထမင်း၊ ဘဲဥအာလူးဟင်း၊ ငါးခြောက်ကြော်၊ အုန်းထမင်း၊ ကြက်သားဟင်း၊ အချိုရည်၊ ရေသန့် နဲ့ ငွေကြေးတချို့ စတာတွေ လှူဒါန်းခဲ့ပါတယ်။
မမဆောင်းက မွေးနေ့မှာ ငလျင်ဘေးသင့်အတွက် သိန်း ၅၀၀ လှူဒါန်းဖြစ်ခဲ့သလို အင်းလေးဒေသအတွက် မြတ်ဖောင်ဒေးရှင်းကနေ အိမ်တစ်လုံးစာ ကျပ် ၃၅ သိန်း၊ သရုပ်ဆောင်ဟန်ထူးဈာန်နဲ့ ကိုသာဂိတို့ကို ငလျင်ဘေးလှူဒါန်းငွေ ကျပ် ၁၅ သိန်း ထပ်မံလှူဒါန်းခဲ့ပါတယ်။
#မမဆောင်း #MaMaSaung #MyanmarActress #CeleBirthday #MyanmarCele












