၂၂. ၅. ၂၀၂၅
Written by Hey Mar
ဒီနေ့ မေလ ၂၂ ရက်နေ့ မနက်အစောပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်က နေတစ်အိမ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုအတွင်း အမျိုးသမီးကြီးလေးဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကျောက်ဆည်) ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကာ ဆိုလာဘတ္ထရီ ရှော့ဖြစ်ရာက မီးစတင်လောင်ကျွမ်းကြောင်း မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေး အသင်းသားတစ်ဦးထံကနေ သိရှိရပြီး မနက် ၂ နာရီ ၂၅ မိနစ်အချိန်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့် တစ်အိမ်တည်းနေ အငြိမ်းစား ပညာရေးဝန်ထမ်းအမျိုးသမီးကြီးလေးဦး မီးလောင်ကျွမ်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေး အသင်းသားတစ်ဦးက “အိပ်နေရင်း အိပ်ရာထဲမှာသေတာမျိုးမဟုတ်ဘူး။ မီးလောင်တာသိတော့ တစ်ဦးကိုတစ်ဦး ကယ်ပြီး ကူညီဖို့ ကြိုးစားကြပုံရပါတယ်။ အလောင်းတွေက လှေကားမှာ ကြမ်းပြင်မှာ အဲ့လိုတွေ တွေ့ရတယ်။ ပြေးလို့မလွတ်ဘဲ မီးခိုးမွှန် သေဆုံးလောင်ကျွမ်းတာလို့ ယူဆရပါတယ်။ မြို့ရဲ့ကျက်သရေဆောင် ဆရာမကြီးတွေပါ။ စိတ်မကောင်းဖြစ်ရတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူတွေက အသက် ၉၃ နှစ်အရွယ် ဒေါ်တင်အောင်၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ထွေးထွေး(မြို့နယ်ပညာရေးမှူးအငြိမ်းစား)၊ အသက် ၆၆ နှစ်အရွယ် ဒေါ်နွယ်နွယ်ဦး (မြို့နယ်ပညာရေးမှူး(အငြိမ်းစား)၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သူဇာ (အမက-ကျောင်းအုပ်- သပြေကုန်း ကျေးရွာ၊ ကျောက်ဆည်မြို့နယ်)တို့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာကို ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ရုပ်အလောင်းတွေကို လူမှုကူညီရေးအသင်းကားနဲ့ ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ထားရှိတယ်လို့ သိရပါတယ်။






