၂၂.၅.၂၀၂၅
Written by Nay Moe
သတင်းပေး၊ လမ်းပြဟုဆိုသည့် အမျိုးသားတစ်ဦးကို သာယာဝတီ PDF ဖမ်းဆီးပြီးနောက် ထွက်ပြေးသည်အောက်တွင် သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ယနေ့ ဝန်ခံသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ ရွှေကြီးမြင့်ရပ်ကွက်နေ တပ်မတော်သတင်းပေး လမ်းပြဆိုသူ ဦးစန်းဌေးအား မေလ ၁၉ ရက် ညနေ ၅ နာရီခန့်တွင် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဥ်းကတိုးခင်းရွာအနီး၌ ကျည် ၉၂တောင့်၊ မိုဘိုင်းဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးနှင့်အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အရှင်ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ဖမ်းဆီးပြီးနောက် ဦးစန်းဌေးအား နောက်တန်းအချုပ်၌ ထိန်းသိမ်းထားပြီး ယနေ့ နံနက် ၇ နာရီခန့်တွင် စစ်ဆေးမေးမြန်းရန်အတွက် ကင်းတာဝန်ကျ PDF များက အချုပ်ထဲမှ ခေါ်ထုတ်စဥ် PDF များကို ခုခံထွက်ပြေးသဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန် သေဆုံးသွားသည်ဟုလည်း ကျူးလွန်သည့် PDF များက ပြောသည်။
ဦးစန်းဌေးသည် ရိုးမအတွင်းရှိ PDFစခန်းများကို သတင်းပေးလမ်းပြခြင်း၊ ပြည်သူများ၏ ကျွဲနွားများအား ဖမ်းဆီးကာ သတ်ဖြတ်ရောင်းချခြင်း၊ PDF တပ်ဖွဲ့များကို ထောက်ပံ့နေသည်ဆိုကာ ပြည်သူများအား မမှန်သတင်းပေး၍ ဖမ်းဆီးသတ်ဖြတ်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့သူ ဖြစ်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဆင်ခြေပေးသော်လည်း သက်သေမပြနိုင်ကြသလို MT News ကလည်း မြေပြင်အတည်မပြုနိုင်ချေ။
ပဲခူးတိုင်းဒေသကြီးသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။



