၂၂.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်၌ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦးမှာ ကြောက်ရွံ့ဖွယ် ဂျူးမုန်းတီးရေးအမြင်ဖြင့် သေနတ်ဖြင့် ပစ်သတ်ခံရမှုသတင်းကို ကြားသိပြီးနောက် အစ္စရေးဝန်ကြီးချုပ်အနေဖြင့် အထူးပင် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ဝန်ကြီးချုပ်ရုံးက မေလ ၂၂ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ထိုဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံးရှိ အစ္စရေးအဖွဲ့အစည်းများကို လုံခြုံရေးအတွက် အထူးအားဖြည့်ထားရန် ညွှန်ကြားခဲ့ကြောင်းလည်း ပြောခဲ့သည်။
ဝါရှင်တန်ဒီစီမြို့တော်ရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦးမှာ ဂျူးပြတိုက်တစ်ခုတွင် အခမ်းအနားတစ်ခုကို တက်ရောက်ပြီး ပြန်လည်ထွက်ခွာလာစဉ် မေလ ၂၁ ရက် ညနေပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ရခြင်းဟုသိရပြီး သေနတ်သမားဆိုသူကိုဖမ်းဆီးမိပြီးနောက် ၎င်းက ‘ပါလက်စတိုင်းတွေကိုလွှတ်ပေး’ဟု ကြွေးကြော်အော်ဟစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။
ပစ်ခတ်ခံရသည့် အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြပြီး Capital Jewish Museum ပြတိုက်မှ ထွက်အလာတွင် လူလေးယောက်ပါဝင်သော အုပ်စုတစ်ခုက ချဉ်းကပ်လာကာ ပစ်ခတ်ခဲ့ခြင်းဟု မြို့တော်ရဲတပ်ဖွဲ့ ရဲချုပ် ပါမယ်လာစမစ်က သတင်းစာရှင်းပွဲ၌ ပြောကြားခဲ့သည်။
ဖမ်းဆီးမိသောသေနတ်သမားက အသက် ၃၀ နှစ်ခန့်ရှိ အီလီယာ့စ် ရိုဒရီဂွက်ဇ်ဆိုသူဖြစ်ပြီး ချီကာဂိုမြို့မှ ဖြစ်ကြောင်း၊ ၎င်းက ပစ်ခတ်ခြင်းမပြုမီ ပြတိုက်အပြင်ဘက်၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့ပြီး ပစ်ခတ်အပြီး ပြတိုက်အတွင်းသို့အဝင်တွင် အခမ်းအနားလုံခြုံရေးက ဖမ်းဆီးခဲ့ခြင်းဟု စမစ်က ပြောခဲ့သည်။
၎င်းကိုဖမ်းဆီးအပြီး သေနတ်သမားက ‘ပါလက်စတိုင်းတွေကိုလွှတ်ပေး’ဟု ကြွေးကြော်အော်ဟစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဥပဒေထိန်းသိမ်းရေးတပ်ဖွဲ့များအနေဖြင့် ဤဖြစ်ရပ်က လူ့အဖွဲ့အစည်းကိုခြိမ်းခြောက်မှု တစ်ရပ်အဖြစ် မယုံကြည်ပါကြောင်းလည်း စမစ်က ပြောခဲ့သည်။
အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး ယီချီယယ်လ်လဲ့တာက ပစ်ခတ်မှုခံခဲ့ရသော ဝန်ထမ်းနှစ်ဦးမှာ ချစ်သူစုံတွဲဖြစ်ကြပြီး မကြာမီကပင် အမျိုးသားဖြစ်သူက လက်စွပ်တစ်ကွင်းကို နောက်အပတ်တွင် ဂျေရုဆလင်၌ ၎င်းတို့နှစ်ဦးပြုလုပ်မည့်စေ့စပ်ပွဲအတွက် ဝယ်ခဲ့သေးကြောင်း ပြောခဲ့သည်။ အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးဟောင်း မိုက်ဟာဇော့ကလည်း ပစ်ခတ်ခံရသူနှစ်ဦး တွင် အမျိုးသားဖြစ်သူက အစ္စရေးနိုင်ငံသားဖြစ်ပြီး အမျိုးသမီးဖြစ်သူက အမေရိကန်နိုင်ံငံသားဟု ပြောခဲ့သည်။
ထိုပစ်ခတ်မှုက အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသသို့ ထိုးစစ်တစ်ရပ်ဆင်နွှဲလာခဲ့မှုကြောင့် အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုများမြင့်တက်လာခဲ့ခြင်းနှင့်အတူ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်တွင် ဟားမားစ်တို့၏ အစ္စရေးနိုင်ငံအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဝင်ရောက်တိုက်ခိုက်မှု၌ လူ ၁,၂၀၀ ခန့်သေဆုံးခဲ့ရပြီး ဂါဇာသို့ ဓားစာခံများ ဖမ်းဆီးခေါ်ဆောင်သွားခြင်းလည်း ခံခဲ့ရသည်။
အစ္စရေးတို့က ဂါဇာဒေသအားပြန်လည်တိုက်ခိုက်သည်မှစ၍လည်း လူ ၅၃,၀၀၀ ကျော်သေဆုံးခဲ့ရပြီး တိုက်ခိုက်မှုများကြောင့် ဒေသအတွင်းနေထိုင်ကြသူ ခန့်မှန်း နှစ်သန်းခန့်တွင် ၉၀ ရာခိုင်နှုန်းမှာ စစ်ဘေးကြောင့်ထွက်ပြေးနေရပြီး အစာရေစာပြတ်လပ်မှုများကိုလည်း ရင်ဆိုင်နေရသည်။
Ref- AP


