
၂၁. ၅. ၂၀၂၅
Written by Phyo Wei
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့တောင် တစ်ကျော့ပြန် ကုန်သွယ်ရေးစစ်ပွဲကြီး အကျယ်အကျယ်မဖြစ်ဖို့ ညှိနှိုင်းဆွေးနွေးနေကြချိန်မှာ မြန်မာနိုင်ငံကတော့ နိုင်ငံ့ရဲ့ လူမှုစီးပွားအားလုံးကို ဖျက်ဆီးလို့မ၀သေးတဲ့ လက်နက်ကိုင်တွေအကြားမှာ ခက်ခက်ခဲခဲ ဆက်လက်ရှင်သန်နေရဆဲပါ။ ဘက်စုံဖျက်ဆီးခံထားရတဲ့ မြန်မာနိုင်ငံတိုးတက်ဖို့ဟာ ကုန်သွယ်ထောက်ပို့တစ်ခုသာ ရှိနေတော့တဲ့ အခြေအနေမှာ စတင်ဖို့ စိုင်းပြင်းလာတဲ့ ထားဝယ်စီးပွားရေးဇုန်ကိုလည်း KNU နဲ့ PDF တွေက အင်တိုက်အားတိုက်ဖျက်ဆီးသိမ်းပိုက်နေသလို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကကျတဲ့ စီမံကိန်းတွေကို တိုးတက်တည်ဆောက်မှုတွေပြုဖို့ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံစလုံးကို တရုတ်သမ္မတက တိုက်တွန်းနေပေမဲ့လည်း မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ မငြိမ်းချမ်းမှုဒုက္ခတွေက ဆထက်တမ်းပိုး တိုးနေဆဲမို့ ဒီစီမံကိန်းတွေကလည်း လတ်တလော အကောင်အထည်ပေါ်ဖို့ မလွယ်ပြန်ပါဘူး။
အခြားတစ်ဖက်မှာလည်း စိုက်ပျိုးသီးနှံတွေ ပန်းတိုင်ရည်မှန်းချက်မပြည့်မီတာကြောင့် နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော် လျော့နည်းခဲ့ရသလို သီးထပ်စွမ်းအားတွေ ရာနှုန်းပြည့် ပြည့်မီအောင် ဆောင်ရွက်နိုင်မယ်ဆို အမေရိကန် ဒေါ်လာ ၁၄ ဘီလျံခန့် ဝင်ငွေပိုမိုရရှိလာမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ဖြစ်စဉ်တွေ၊ နိုင်ငံ့ဝင်ငွေတိုးတက်အောင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်နိုင်မယ်ဆို ငွေကြေးဈေးနှုန်းတွေ တက်လာမှာမဟုတ်သလို ကုန်ဈေးနှုန်းလည်း တိုးမြှင့်လာမှာမဟုတ်လို့ အလုပ်ကို အမှန်တကယ်လုပ်ကြဖို့နဲ့ နိုင်ငံ့စီးပွားရေးကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ SAC ဥက္ကဋ္ဌပြောခဲ့တာတွေ၊ မြန်မာ- ချုံချင့် စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး နေပြည်တော်စက်မှုဇုန် တည်ထောင်မယ့်အခြေအနေတွေ၊ ဘယ်သူမဆို တက်ရောက်နိုင်မယ့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဖိုရမ်ကို ဒီလကုန် နေပြည်တော်မှာ ကျင်းပမယ်ဆိုတာတွေ ရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ရုရှားနဲ့ ပူးပေါင်း တည်ဆောက်နေတဲ့ နျူကလီးယားဓာတ်အားပေး စက်ရုံအကြောင်းနဲ့ ဘီလျံ ထောင်ချီ အထိနာတဲ့ မန္တလေးငလျင်ကြီးဘေးဆိုးအကြောင်းတွေကို သုံးသပ်ချင်မိပါတယ်။
◾ ရုရှားနဲ့ ပူးပေါင်း တည်ဆောက်နေတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ
“ရုရှားနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ကလည်း ကျယ်ပြန့်တယ် ခင်ဗျာ။ ခင်ဗျား ခုနက ပြောသလို ကာကွယ်ရေးကဏ္ဍတင်မကဘူး။ ကျွန်တော်တို့ သိပ္ပံနဲ့ နည်းပညာ နောက်တစ်ခါ စီးပွားရေး၊ နောက်တစ်ခု ဥပဒေဘက်ဆိုင်ရာ၊ နောက် ပညာရေး၊ ကျန်းမာရေး ဒီနယ်ပယ်တွေ အများကြီးရှိပါတယ်။ ဆွေးနွေးတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ မတ်လခရီးစဉ်မှာလာတဲ့ အချိန်တုန်းက နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကိစ္စတွေ၊ နောက်ကမ်းလွန်ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေ ဆွေးနွေးနိုင်ခဲ့တာတွေ ရှိပါတယ်။ သဘောတူတာလည်းရှိပါတယ်။ လုပ်နေတာလည်းရှိပါတယ်။ ဆက်လက်ပြီး လုပ်ရမယ့်နယ်ပယ်တွေလည်း များစွာရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားမီဒီယာ RT TV Channel နဲ့ တွေ့ဆုံ မေးမြန်းရာမှာ ဖြေကြားခဲ့ပါတယ်။
ရုရှားနဲ့ မြန်မာနိုင်ငံကြားမှာ ၂၀၂၁ ခုနှစ် နွေဦးဖြစ်စဉ်အပြီးကတည်းက ပူးပေါင်းဆောင်ရွက်မှုမြင့်တက်လာတဲ့အချိန်မှာ နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စကလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်လောက်ကတည်းက ပြန်လည် ဖော်ဆောင်လာခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီ နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စဟာ ပြသနာမဟုတ်ခဲ့ပေမဲ့ SAC ဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ်အပြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနိုင်ငံနဲ့ လုပ်ဆောင်ဖို့အတွက် ထိုင်း- မြန်မာ – ဂျပန် သုံးနိုင်ငံ လုပ်ဆောင်ထားတဲ့ Special Purpose Vehicle ကိုပါ ဖျက်သိမ်းဖို့ လုပ်ဆောင်လာချိန်မှာ KNU နဲ့ PDF တွေဘက်က ထားဝယ်ကို သိမ်းပြီး စီမံကိန်းရပ်သွားဖို့ အင်တိုက်အားတိုက်လုပ်လာခဲ့သလို ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း မြန်မာအစိုးရဘက်က နေရာအတည်ပြုမထုတ်ပြန်ရသေးတဲ့ နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံကို ထားဝယ်မှာ လုပ်ဆောင်ရင် ထိုင်းနိုင်ငံအတွက် ထိခိုက်နိုင်ကြောင်း နှပ်ကြောင်းပေး ရေးသားလာနေတာကို တွေ့လာရပါတယ်။ ဒါ့အပြင် KNU နဲ့ PDF တွေဟာ ထိုင်းနယ်စပ်က သမိုင်းကြီးလှတဲ့ မော်ဖိုးကေအပါအ၀င် နယ်စပ်တပ်စခန်းတွေကို ပတ်သိမ်းနေပြီး MNDAA လိုမျိုး ကိုယ့်ဘက်က ဝှက်ဖဲတွေရအောင် လုပ်နေတာလည်း တွေ့ရပြန်ပါသေးတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ တကယ်သာ အောင်မြင်ရင် ထိုင်း၊ စင်ကာပူ စတဲ့ နိုင်ငံတွေအဖို့ အခက်ကြုံရမယ့် စီမံကိန်းဖြစ်သလို မြန်မာ့စီးပွားရေးကို အဆပေါင်းများစွာ ဆွဲတင်နိုင်မယ်ဆိုတဲ့ စစ်တမ်းတွေလည်း ရှိခဲ့ဖူးတာမို့ ဒီစီမံကိန်းကို လုပ်ပိုင်ခွင့်ရသွားတဲ့ ထိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ အီတာလျံထိုင်းကုမ္ပဏီဟာ သူ့နိုင်ငံမထိခိုက်ဖို့ကြိုးပမ်းသလို ပုံစံမျိုးနဲ့ နည်းမျိုးစုံ အီလေးဆွဲနေခဲ့တာ ၂၀၀၈ ကနေ အခုကာလဆို မကြာခင် နှစ် ၂၀ ပြည့်တော့မှာပါ။ လက်ရှိကာလမှာ ထိုင်းနိုင်ငံ မပါရပြန်ဘူးဆိုတော့လည်း နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စကို ထားဝယ်မှာ ဆောက်မှာမို့ ထိုင်းနိုင်ငံထိခိုက်နိုင်လို့ ကန့်ကွက်ဖို့လိုတယ်လို့ ထိုင်းဘက်က တချို့သူတွေက မီးထိုးလာတာ မြင်ရပါတယ်။ တစ်ခါ တရားဝင်လမ်းကြောင်းကရော၊ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်းကို ဝင်လိုက်ထွက်လိုက် KNU နဲ့ PDF တွေဘက်ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ကို ဖျက်ဆီးဖို့ ထိုးစစ်မြှင့်လာတာတွေက စဉ်းစားစရာမလိုဘဲကို ဒီစီမံကိန်းမဖြစ်လိုတဲ့ပုံရိပ်တွေ မြင်ရမှာပါ။ တိုက်ပွဲတွေကြောင့် မွဲနေ၊ ငတ်နေ၊ မီးပြတ်နေပြန်တော့လည်း အစိုးရအဆက်ဆက်ကို အပြစ်ဖို့၊ စီမံကိန်းတွေ လုပ်မယ်ဆိုတော့လည်း ဘာတစ်ခုမှ လုပ်မရအောင် လူအား၊ လက်နက်အားနဲ့ ဖျက်ဆီးနေမယ်ဆိုရင်တော့ ပြာပုံထဲက တက်ရမှာမဟုတ်သလို ဒီလိုအခြေအနေမျိုးတွေက လူထုမျက်နှာကြည့်ရတဲ့ အရပ်သားရွေးကောက်ခံအစိုးရလက်ထက်မှာ ပိုဆိုးလာမှာဖြစ်ပြီး စီမံကိန်းက နောက် အနှစ် သုံးလေးဆယ် ထပ်ကြာသွားနိုင်တဲ့အတွက် လက်ရှိကာလလို အခြေအနေမျိုးမှာ စီမံကိန်း အချိန်တိုနဲ့အောင်မြင်ဖို့ လုပ်စရာရှိတာတချို့ကို ပြတ်ပြတ်သားသားလုပ်သွားဖို့တော့ လိုအပ်ပါမယ်။
◾ ဘီလျံ ထောင်ချီ အထိနာတဲ့ မန္တလေးငလျင်ကြီးဘေး
SAC အစိုးရလက်ထက် ကြုံတွေ့ခဲ့တဲ့ သဘာဝဘေးတွေဖြစ်တဲ့ မိုခါ၊ ရာဂီနဲ့ မန္တလေးငလျင်ကြီး စတဲ့သုံးခုမှာ မန္တလေးငလျင်ကြီးဘေးဒဏ်က ပျက်စီးဆုံးရှုံးမှုအကြီးမားဆုံးပါ။ ၂၀၂၃ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုက ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလျံဖိုး ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘက်ဂျက်က ကျပ် ၇၃ ဒသမ ၇၉၇ ဘီလျံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ရပါတယ်။ ဒီလိုပဲ ၂၀၂၄ ခုနှစ်မှာ ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းလို့ နေအိမ်ပြိုပျက် မြောပါ ပျက်စီးမှုတွေမှာ ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလျံကျော်ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်က ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလျံထောက်ပံ့ပေးခဲ့ရပြန်သေးတာပါ။ ဒီအထဲမှာ ဒီနှစ် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုက ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလျံနဲ့ အဆိုးဆုံးဖြစ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။
“ငလျင်က တကယ်တော့ တော်တော်လေးပြင်းထန်ပါတယ်။ ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိပါတယ်။ ၁၉၀၀ ပြည့်နှစ် နောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ငလျင်ထဲမှာ ဒုတိယအပြင်းထန်ဆုံးငလျင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၈ ကြိမ် လှုပ်ခဲ့တဲ့အထဲမှာ ၁၉၁၂ ခုနှစ်က လှုပ်ခဲ့တာတော့ ၈ ရစ်ချ်တာစကေးရှိပါတယ်။ အခု ငလျင်ဟာ တော်တော်လေးပြင်းထန်တဲ့ ငလျင်တစ်ခုပါ။ ထိခိုက်သေဆုံးမှုလည်း တော်တော်လေးများပါတယ်။ လူအားလုံး ၃၇၀၀ ကျော် သေပါတယ်။ ၅၀၀၀ ကျော် ဒဏ်ရာရပါတယ်။ နောက် ၈၀ လောက် ပျောက်နေတာရှိပါသေးတယ်။ အိမ်ခြေပေါင်းလည်း ၆၇၀၀၀ လောက်ပျက်စီးမှုရှိပါတယ်။ ကျောင်းပေါင်း ၆၄၀၀ လောက် ပျက်စီးမှုရှိပါတယ်။ ဆေးရုံ ဆေးခန်း ၃၅၀ လောက် ပျက်စီးမှုတွေရှိပါတယ်။ လမ်းတံတားတွေလည်း အများကြီးပျက်ပါတယ်။ နိုင်ငံတကာအကူအညီလည်း ကျွန်တော်ကဖြစ်ပြီးတော့ ဖြစ်တဲ့နေရာတွေလိုက်ကြည့်တဲ့ အချိန်မှာ တော်တော်လေးကို ဆိုးဆိုးဝါးဝါးပျက်စီးမှုတွေ တွေ့ရတဲ့အတွက်ကြောင့် နာရီပိုင်းအတွင်းမှာပဲ နိုင်ငံကိုလည်း အရေးပေါ်အခြေအနေကို ကြေညာတာပေါ့။ ပြီးတော့ နိုင်ငံတကာအကူအညီကိုလည်း ကျွန်တော်တောင်းခံခဲ့ပါတယ်။ နိုင်ငံတကာအကူအညီကလည်း ၂၄ နာရီအတွင်းမှာကိုပဲ ကျွန်တော်တို့ဆီရောက်လာတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မိုခါ၊ ရာဂီနဲ့ မန္တလေးငလျင်ကြီးလို သဘာဝဘေးဒဏ်တွေကြောင့် ကြီးမားလှတဲ့ ပျက်စီးမှုအပြင် အစိုးရတစ်ရပ်ကို မလိုမျက်မုန်းကျိုးမှုကြောင့် ပြည်သူထောင်သောင်းချီ၊ နိုင်ငံပိုင်လမ်းတံတားအဆောက်အဦထောင်သောင်းချီနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်သောင်းသိန်းချီကို လက်နက်ကိုင်တွေ ဖျက်စီးလို့ ပျက်စီးဆုံးရှုံးခဲ့ရမှုတွေလည်း ဒီနှစ်တွေထဲမှာ ကြုံခဲ့ရသေးတာပါ။ ဒီမိုကရေစီလိုချင်ပါတယ်ဆိုတဲ့သူတွေကိုကြည့်လိုက်ရင် စင်ကာပူတို့၊ ထိုင်းတို့လို ဖွံ့ဖြိုးတိုးတက်မှုတွေ လိုချင်ကြ၊ အားကျနေကြတာပါ။ လက်တွေ့လုပ်ရပ်မှာတော့ နိုင်ငံဖွံ့ဖြိုးဖို့ထက် ပြည်သူသန်းနဲ့ချီ အားထားနေရတဲ့ လ၀ကရုံးတွေ၊ ကျောင်းတွေ၊ လျှပ်စစ်ရုံးတွေ၊ လမ်းတံတားတွေ အကုန်လုံးကိုဖျက်ဆီးနေကြပြီး ဒီလိုမျိုး နေရာတွေဟာ နိုင်ငံနဲ့ ပြည်သူပိုင်ပြီး ပြန်တည်ဆောက်ရင် အချိန်တိုနဲ့ မပြီး၊ ကုန်ကျစရိတ်ကြီးပြီး ပြည်သူ့အိတ်ကပဲ ပြန်ကုန်ရတဲ့ တန်ဖိုးကြီးတိုင်းပြည်ဘဏ္ဍာတွေဆိုတာတောင် ဆင်ခြင်တွေးဆနိုင်တဲ့ အသိဉာဏ်မရှိတာ တွေ့ရပါတယ်။ ဒီမိုး၊ ဒီရေ၊ ဒီလေ ဒီအခြေအနေထဲမှာ တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်နဲ့ ဖျက်ဆီးပြီးရင်း ဖျက်ဆီးနေကြရင် ဒီဖျက်ဆီးမှုကို အမိန့်ပေးတားမြစ်မယ့်သူပဲ အာဏာ ဆက်ရနေမှာဖြစ်ပြီး ပြည်သူအသိဉာဏ်မြင့်တက်လာမှ တစ်ကျော့ပြန်ရလာနိုင်မယ့် ဒီမိုကရေစီကို ဆယ်စုနှစ်ပေါင်းများစွာ ထိန်းထားနိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ အလုံးစုံပျက်သုန်းရေးပဲလုပ်မယ်ဆိုတဲ့ လက်နက်ကိုင်တွေကို ထောက်ခံပြီး ဖျက်လိုဖျက်ဆီး အာဏာရမက်ကြီးသူတွေက ဆက်ပြီး ကြီးစိုးနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံက ဆယ်နှစ်တစ်ကြိမ်လောက် Backwave ရိုက်တဲ့ ဖြစ်ရပ်ဆိုးပဲ ဆက်ကြုံရမှာဖြစ်ပြီး နိုင်ငံက ဖွံ့ဖြိုးတိုးတက်တဲ့၊ ပြည်သူအားလုံးလိုချင်တဲ့၊ ချမ်းသာအေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံသစ်ဘ၀ ရကြမှာမဟုတ်ဘူးဆိုတာ သတိချပ်ပါလို့ တင်ပြမိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
