၅.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားမှာပိတ်မိနေတဲ့ နိုင်ငံတကာမှ ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်သင်္ဘောတွေနဲ့ ကုန်သေတ္တာတင်သင်္ဘောတွေကို ရေလက်ကြားမှ ထွက်ခွာနိုင်အောင် အမေရိကန်ရေတပ်က လမ်းညွှန်မှုပြုပေးမယ်လို့ မေလ ၃ ရက်က ပြောကြားခဲ့အပြီးမှာပဲ အမေရိကန်နဲ့အီရန်အကြား တင်းမာမှုတွေပြန်လည်မြင့်တက်လာခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။

ထရမ့်ပ်က အီရန်အနေနဲ့ ရေလက်ကြားအတွင်း ဒါမှမဟုတ် ပါရှင်းပင်လယ်အတွင်း အမေရိကန်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်လာရင် အီရန်တပ်ဖွဲ့ တွေ ကမ္ဘာမြေပြင်မှ လွင့်စင်သွားလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် ယူအေအီးအပေါ် အီရန်ရဲ့ တိုက်ခိုက်မှုတွေက ပဋိပက္ခကို တစ်ဖန်ပြန်လည် ကျယ်ပြန့်လာဖို့ ခြိမ်းခြောက်သလိုလည်းဖြစ်နေပါတယ်။
သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က တင်းမာလာနေတဲ့ အပစ်အခတ်ရပ်စဲရေးအောက် အမေရိကန်နဲ့ အီရန်အကြား ဟော်မုဇ်ရေလက်ကြားမှာ နှစ်ဖက်စလုံးက ပစ်ခတ်မှုတွေ ပြုလုပ်ပြီးနောက်မှာတော့ အပစ်အခတ်ရပ်စဲရေး ဆက်လက်တည်ရှိနေမှု ရှိ၊ မရှိကို ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက အမေရိကန်နဲ့ မဟာမိတ် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တို့ကို ပဋိပက္ခအား ရှုပ်ထွေးတဲ့အခြေအနေထဲသို့ ဆွဲမသွင်းဖို့ သတိပေးခဲ့ပြီး မကြာသေးမီက ဟော်မုဇ်ရေလက်ကြား ဖြစ်ရပ်တွေက နိုင်ငံရေးအကျပ်အတည်းအတွက် စစ်ရေးဖြေရှင်းချက် မရှိတာကို ရှင်းရှင်းလင်းလင်းပြသနေတယ်လို့ ပြောကြားခဲ့ပါတယ်။


အာရာချီက လူမှုကွန်ရက် X မှာ ဆွေးနွေးပွဲတွေဟာ ပါကစ္စတန်ရဲ့ ကျေးဇူးတရား၊ ကြိုးပမ်းအားထုတ်မှုတို့နဲ့ တိုးတက်နေတယ်လို့ မေလ ၄ ရက်က ပို့စ်တစ်ခု ရေးသားခဲ့ပြီး အမေရိကန်ဟာ မကောင်းကြံသူတွေရဲ့ရှုပ်ထွေးသောအခြေအနေကို ပြန်လည်ဆွဲသွင်းခံရမှာကို သတိထားသင့်တယ်။ ယူအေအီးလည်း အလားတူပါပဲလို့ ဖော်ပြခဲ့ပါတယ်။
အာရာချီက ကုန်သည်သင်္ဘောတွေကို ရေလက်ကြားမှ ထွက်ခွာဖို့ အမေရိကန်ရဲ့ “Project Freedom” စစ်ဆင်ရေးလည်း ပယ်ချခဲ့ပြီး “Project Freedom” သည် ပဋိပက္ခကို အကျဉ်းအကျပ်အခြေအနေ ရောက်စေမည့် Project Deadlock သာ ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုက သူ့ရဲ့လေကြောင်း ရန်ကာကွယ်ရေးစနစ်က အီရန်ဒုံးကျည် ၁၉ စင်းနဲ့ မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချခဲ့ကြောင်းနဲ့ မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် ဖူဂျာရာဒေသရှိ ရေနံဆိပ်ကမ်းတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
Ref- CNN
