◾ နည်းပညာမြင့်ခေတ်မီမောင်းသူမဲ့လေယာဉ်များအသုံးပြုမှုနှင့်အတူ စစ်ပွဲချိန်ခွင်လျှာက မြန်မာ့တပ်မတော်ဘက်ကို တိမ်းစောင်းလာ

၂၁.၅.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံအတွင်း တပ်မတော်ဘက်မှ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ရုရှားနိုင်ငံတို့မှ ရရှိထားတဲ့ နည်းပညာမြင့် ခေတ်မီမောင်းသူမဲ့လေယာဉ် (Drone) တွေကို အသုံးပြုတိုက်ခိုက်လာတာကြောင့် အကြမ်းဖက်လက်နက်ကိုင်တို့ဘက်မှ အသေအပျောက်ပိုလို့များလာရပြီး သူတို့ရဲ့ ထိုးစစ်ဆင်မှုတွေဆိုရင်လည်း နှေးကွေးရပ်တန့်နေရတယ်လို့ အကဲဖြတ်လေ့လာသူတွေက ပြောခဲ့ကြပါတယ်။
မြန်မာ့တပ်မတော်က တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့မှ နည်းပညာမြင့်ခေတ်မီမောင်းသူမဲ့လေယာဉ်တွေ ကို အများအပြားရရှိခဲ့ပြီး ဒါတွေကို အသုံးပြုကာ လက်နက်ကိုင်သောင်းကျန်းသူတွေကို တိုက်ခိုက်မှုလည်း အဆင့်မြှင့်တင်လာတာပါ။
ဒါက စစ်ပွဲရဲ့အရှိန်အဟုန်ကို ပြောင်းလဲစေခဲ့ပါတယ်။ သူပုန်တွေအပြင် အသွင်ယူ အရပ်သားတချို့မှာ ထိခိုက်အနာတရ တွေလည်းရှိခဲ့တယ်လို့ အကဲဖြတ်တွေကဆိုပြန်ပါတယ်။
မြန်မာ့တပ်မတော်ဘက်က အသာရမှုတွေက အကန့်အသတ်နဲ့ ရှိနေသေးတယ်လို့ဆိုကြပေမယ့် အနီအောက်ရောင်ခြည်နဲ့ ညကြည့်ကိရိယာမြင်ကွင်းတွေပါတဲ့ကိရိယာတွေ တပ်ဆင်ထားတဲ့ ခေတ်မီ မောင်းသူမဲ့လေယာဉ်တွေအသုံးပြုလာနိုင်မှုက တစ်ချိန်က စခန်းအများအပြားဆုံးရှုံးခဲ့ရတဲ့ တပ်မတော်အတွက် ပြည်ပလုပ်နည်းပညာအထောက်အပံ့ဖြစ်စေကာ ဆန့်ကျင်ပုန်ကန်နေမှုအတွက် ကုန်ကျစရိတ်တွေကတော့ ပိုလို့ မြင့်တက်စေမယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
မြေပြင်သတင်းအရင်းအမြစ်တွေအရလည်း ပြည်ပနည်းပညာတပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုကြောင့်တပ်မတော်ဘက်မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း နည်းဗျူဟာအသာရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ခိုက်မှုတွေမှာ မောင်းသူမဲ့လေယာဉ်တွေကို အစပိုင်းကတော့ သောင်းကျန်းသူလက်နက်ကိုင်တပ်တွေပဲ သုံးခဲ့တာပါ။ ဒါပေမယ့် မကြာခင်က Telegram မှာတွေ့လာရတဲ့ အစိုးရထောက်ခံတဲ့ စာမျက်နှာတွေမှာတော့ တပ်မတော်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း သောင်းကျန်းသူတို့ တပ်စွဲလှုပ်ရှားရာနေရာတွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ လိုက်လံတိုက်ခိုက်နေတာ တွေ့ကြရပါတယ်။
RFA သတင်းဌာနက မတ်လအတွင်းကပြောခဲ့ရာမှာ မြန်မာ့တပ်မတော်ရဲ့ မောင်းသူမဲ့လေယာဉ်တွေမှာ အနီအောက်ရောင်ခြည် ဒါမှမဟုတ် သာမယ်လ်ညကြည့်ကင်မရာတွေ တပ်ဆင်လာတာကြောင့် သောင်းကျန်းသူတွေအတွက်တော့ ပိုလို့ အကျအဆုံးများစေခဲ့တယ်လို့ ဆိုပါတယ်။
ကချင်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ကေအိုင်အေ နဲ့ အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့တွေက တာဝန်ရှိသူတွေ ပြောကြားချက်ကို ကိုးကားပြီး အမေရိကန်က ငွေကြေးထောက်ပံ့ထားတဲ့ မီဒီယာတစ်ခုကပြောခဲ့ရာမှာလည်း မြန်မာ့တပ်မတော်ရဲ့ အဆိုပါခေတ်မီမောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုတိုက်ခိုက်မှုက သောင်းကျန်းသူတွေအတွက်တော့ ကြီးမားစွာ ပျက်စီးဆုံးရှုံးစေတယ်လို့ ဆိုခဲ့ပါတယ်။
မြန်မာ့အရေးကျွမ်းကျင်သူလို့ဆိုတဲ့ ဩစတြေးလျနိုင်ငံ၊ Curtin တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းကလည်းသောင်းကျန်းသူတွေသုံးနေတဲ့ လက်လုပ်မောင်းသူမဲ့လေယာဥ်တွေလောက်နဲ့ ဘယ်လိုလုပ်ပြီး မြန်မာ့တပ်မတော်ရဲ့ပြည်ပနည်းပညာမြင့် မောင်းသူမဲ့လေယာဉ်တွေကို ယှဉ်နိုင်မှာလဲ လို့ သုံးသပ်ခဲ့ပါတယ်။ သူက အခုဆိုရင် သောင်းကျန်းသူတွေမှာအထောက်အပံ့တွေက ပြတ်တောက်လာနေချိန်မှာ လက်နက်အင်အားပိုကောင်းပြီး ထောက်ပံ့အားကောင်းတဲ့ ရန်သူကိုရင်ဆိုင်နေကြရတာပဲ လို့ပြောခဲ့ပါသေးတယ်။
မြန်မာ့တပ်မတော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နိုင်ငံ့အာဏာကိုထိန်းသိမ်းခဲ့ပြီးတဲ့နောက် အရင်ထဲကရှိခဲ့တဲ့ လူမျိုးစု သောင်းကျန်းသူလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဆင်နွှဲခဲ့ရသလို အသစ်ထပ်မံဖွဲ့စည်း ပုန်ကန်လာကြတဲ့ စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေနဲ့လည်းရင်ဆိုင်တိုက်ခိုက်ခဲ့ရပါတယ်။
ဒီလို စစ်မျက်နှာများစွာရင်ဆိုင်နေခဲ့ရပေမယ့်ပြည်ပနိုင်ငံကြီးတွေက မြန်မာအစိုးရဘက်က ထောက်ခံပြီး ခေတ်မီပြည်ပနည်းပညာအကူအညီတွေပေးလာတာကြောင့် စစ်ပွဲချိန်ခွင်လျှာက သောင်းကျန်းသူ တပ်ဖွဲ့တွေဘက်မှာမရှိတော့ဘူးလို့လည်း ဒေါ်ထွေးထွေးသိန်းက ဆိုခဲ့ပါသေးတယ်။
ဝါရှင်တန်မြို့ရှိ National War College ကအရှေ့တောင်အာရှ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ အလေးထားလေ့လာသူ ပါမောက္ခတစ်ဦးဖြစ်တဲ့ ဇာချာရီ အဘူဇာက မြန်မာအစိုးရဟာပြည်တွင်း ပဋိပက္ခစတင်ဖြစ်ပွားလို့ ပထမနှစ်နှစ်မှာတော့ မောင်းသူမဲ့လေယာဉ်တွေကို စစ်ဆင်ရေးတွေမှာအသုံးမပြုခဲ့သေးဘူးလို့ ဆိုခဲ့ပါတယ်။ သူက အစိုးရကိုပုန်ကန်နေတဲ့ တပ်ဖွဲ့တွေဘက်ကသာ စတင်အသုံးပြုလာကြတာ ဖြစ်ပြီး ဒါကလည်း မောင်းသူမဲ့လေယာဉ်တွေကို ရေဒီယိုလှိုင်းတွေလွှင့်ထုတ်ပြီး တန်ပြန်ပိတ်ဆို့နိုင်ဖို့ တရုတ်နိုင်ငံမှ Jammer တွေကို မြန်မာ့တပ်မတော်က လျင်မြန်စွာ ဝယ်ယူစေခဲ့တယ်လို့ဆိုပါတယ်။ ဒါ့ပြင်ရုရှားနဲ့ အီရန်တို့မှလည်း အခြားလက်နက်ဝယ်ယူမှုတွေကို မြန်မာ့တပ်မတော်က ပြုလုပ်ခဲ့ပါတယ်။
ဇာချာရီ က “အခုဆိုရင် နည်းဗျူဟာအဆင့်ရှိတဲ့တပ်စခန်းအများစုမှာ မြန်မာ့တပ်မတော်က ဖြန့်ချထားပြီးပါပြီ။ ဒါတွေကြောင့်လည်းသောင်းကျန်းသူတွေဘက်မှာ ကျဆုံးမှုတွေ ပိုများလာရပြီး သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုတွေ တန့်သွားရတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” လို့ ပြောခဲ့ပါတယ်။
လူမှုကွန်ရက်တွေနဲ့ နိုင်ငံပိုင်မီဒီယာတွေမှာလည်း မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်ကလှုပ်ခဲ့တဲ့ မန္တလေးငလျင်ကြီးအပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တရုတ်နိုင်ငံလုပ် မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုဆောင်ရွက်ခဲ့ကြတာကို အလေးပေးဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။
အကဲဖြတ်သုံးသပ်သူတွေကတော့ မြန်မာ့တပ်မတော်မှာ ရုရှားနဲ့တရုတ်ကဝယ်ယူခဲ့တဲ့ ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်၊ ထောက်လှမ်းရေးနဲ့ ကင်းထောက်မောင်းသူမဲ့လေယာဉ်တွေက သောင်းကျန်းသူကြီးစိုးတဲ့နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ အဓိကကျတဲ့ကဏ္ဍက ပါဝင်လာပြီလို့ ပြောခဲ့ကြပါတယ်။
ရုရှားနဲ့ တရုတ်နိုင်ငံတို့မှ မြန်မာအစိုးရအတွက် လက်နက် ရရှိမှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက လုပ်ဆောင်နိုင်မှု အနည်းငယ်သာရှိပြီး မြန်မာအစိုးရဟာ ခဲယမ်းအများစုထုတ်လုပ်ရာမှာလည်း ဖူလုံနေရုံမက မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်တပ်ဆင်မှုအတွက် စွမ်းဆောင်ရည်အချို့လည်း ရှိနေနိုင်တယ်လို့ အစိုးရဆန့်ကျင်ရေး အင်အားစုဝင်တစ်ဦးက ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း နည်းပညာမြင့် ခေတ်မီမောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုမှုနဲ့အတူ စစ်ပွဲချိန်ခွင်လျှာက မြန်မာ့တပ်မတော်ဘက်ကိုတိမ်းစောင်းလာပြီလို့သာ နောက်ဆုံး သုံးသပ်ရမှာပါ။
Ref- SCMP
