




၂၀.၅.၂၀၂၅
Written By Thandar
Lucky 10 ထုတ်လုပ်ရေးက ဟာသ၊ အချစ်နဲ့ Suspense ရောထားတဲ့ ကျေးလက်ရွာ ဇာတ်လမ်းဖြစ်တဲ့ “ဂန္တဝင်ငတိုး” ရုပ်ရှင်ဇာတ်ကားကြီး First Class Show ပွဲအခမ်းအနားကို ယနေ့ မေလ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ ဦးရွှေရိုး ဒေါ်မိုးအကတွေနဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။
“ဂန္တဝင်ငတိုး ရုပ်ရှင်ဇာတ်ကားက ကျွန်တော်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ရှေ့ကကားတွေနဲ့ မတူညီအောင် အဓိက ကြိုးစားထားတဲ့ ကားပါ။ ဒီကားမှာပါဝင်ကြတဲ့ ဝါရင့်အနုပညာရှင်ကြီးတွေရော ကျွန်တော်နဲ့ တစ်ခါမှတွဲ သရုပ်မဆောင်ဖူးသေးတဲ့သူတွေ အကုန်လုံးနဲ့ ပူးပေါင်းပြီးတော့ အကောင်းဆုံးကြိုးစားထားတဲ့ ကားလေးပါ။ အားလုံးကို ကျွန်တော်ကျေးဇူးပါတယ်။ ရုံတင်ပြသရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် နေတိုးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဓနုတ်ကိုကိုဇော်၊ ဇာတ်ညွှန်းရာဇဝင်ကို၊ ဒါရိုက်တာ စိုးမိုးမင်းက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး၊ စည်ဖြိုး၊ ဟိန်းသီဟ၊ ထက်ထက်ထွန်း၊ ခြူးစစ်ဟန်၊ ဘုန်းလျှံ၊ ဇော်ဝင်းနိုင်၊ အရိုင်း၊ နေလင်း၊ စူပါလင်း၊ သွက်လက်၊ ဝိုင်းဝိုင်းလည်၊ ဂျက်လီ၊ အကယ်ဒမီ ဂွမ်းပုံလေး၊ ယွန်းသဒ္ဒါချယ်၊ အကယ်ဒမီ ဝါဝါအောင်၊ မျိုးမျိုးခိုင်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
“ဂန္တဝင်ငတိုး” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မေလ ၂၃ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
