
၂၀. ၅. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲပြီးဆုံးချိန်တွင် အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်များ ပြန်လည်အပ်နှင်းပေးသွားမည်ဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့ လုပ်ဆောင်ခဲ့သည်များ၊ ပြောဆိုခဲ့သည်များကိုပါ စနစ်တကျ မှတ်တမ်းပြုစု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားသည်။
ရွေးကောက်ပွဲပြီးဆုံးချိန်တွင် အနိုင်ရသည့်ပါတီအား မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ပြန်လည်အပ်နှင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ တာဝန်များ ပြန်လည်လွှဲပြောင်းပေးသည်အထိ ဆောင်ရွက်ခဲ့မှုမှတ်တမ်းများကို စနစ်တကျဖြင့် ပြုစုထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် သမိုင်းမှတ်တမ်းများနှင့် ပတ်သက်ပါက ပြုစုခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် အားနည်းမှုများရှိခဲ့သည်ကို သမိုင်းကြောင်းအချက်အလက်များအရ တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ခဲ့သည်များ၊ ဆောင်ရွက်ခဲ့သည်များ၊ ပြောဆိုခဲ့သည်များကို စနစ်တကျဖြင့် မှတ်တမ်းပြုစုဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းရပ်များကို စနစ်တကျမှတ်တမ်း ပြုစုထားခြင်းဖြင့် လုပ်ဆောင်ရန်ကျန်ရှိသည်များကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ Check၊ Recheck၊ Counter Check ဖြင့် ဆောင်ရွက်ပါက ကောင်းမွန်သည့် အရွေ့တစ်ခုကိုလည်း ရရှိစေနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ် နှစ်အကုန်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတကာသို့ အသိပေးပြီးဖြစ်သလို နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်အားလုံးကလည်း အားပေးထောက်ခံမှုရရှိခဲ့ကြောင်း ရုရှားနိုင်ငံခရီးစဉ်မှအပြန်တွင် SAC ဥက္ကဋ္ဌက မီဒီယာများတစ်ဆင့် ကမ္ဘာ့သိအောင် ပြောကြားခဲ့ပြီးဖြစ်သည်။
ထို့ပြင် SAC ဥက္ကဋ္ဌက ယမန်နေ့က ပြုလုပ်သည့် SAC အစိုးရအဖွဲ့၏ ပမထမနေ့ ညှိနှိုင်းအစည်းအဝေးတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့် အပိုင်းများကို ထည့်သွင်း ရေးသားထားသည့်အတွက် ဥပဒေများအား ချိန်ထိုးကြည့်ရာတွင် ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်ကိုတွေ့ရကြောင်း၊ ရွေးကောက်ပွဲကျင်းပရန်အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်နိုင်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း ပြောကြားခဲ့သည်။
