◾️ ကုန်သွယ်မှုပိုငွေပြနေသော်လည်း အခြားသုံးစွဲမှုများတွင် အနုတ်လက္ခဏာပြနေ၍ နိုင်ငံခြားငွေဈေး မြင့်တက်နေဟု ဆို
◾️ လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးစနစ်ကို ဆက်လက်ဆောင်ရွက်နေပြီး မကြာမီ ဘတ္ထရီစနစ်သုံး မီးရထားစက်ခေါင်းများ ရောက်ရှိတော့မည်၍ စတင်အသုံးပြုနိုင်တော့မည်ဟုပါ ပြော
၂၀. ၅. ၂၀၂၅
Written by Nyein Kyaw
လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ရေး EV ကား တင်သွင်းမှုများကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်ရှိနေ၍ ကန့်သတ်ချက်ရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားသည်။
စက်သုံးဆီနှင့် ပတ်သက်၍လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလျံခန့်တန်ဖိုးရှိ စက်သုံးဆီများကို တင်သွင်းနေရကြောင်း၊ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် (EV)ကား တင်သွင်းမှုများကို ခွင့်ပြုပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက် ကန့်သတ်ချက်ရှိနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကုန်သွယ်မှုပိုငွေပြနေသော်လည်းပဲ အခြားသုံးစွဲမှုများ အနုတ်များ များပြားမှုရှိနေခြင်းကြောင့် နိုင်ငံခြားငွေဈေး မြင့်တက်နေကြောင်း၊ ဥပမာအားဖြင့် ပြည်ပသို့အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း၊ နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသဖြင့် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်(EV) ကားတင်သွင်းမှုများတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခင်နေ့အစည်းအဝေးတွင် ရှင်းပြခဲ့ပြီးဖြစ်သည့် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်နှင့် သီးထပ်စွမ်းအားများ ရာနှုန်းပြည့် ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး (Public Transportation)များကို ပိုမိုအားပေးဆောင်ရွက်ပြီး အသုံးပြုမှုများပြားလာမည်ဆိုပါက နှစ်စဉ်ပြည်ပမှ လောင်စာဆီ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပို့ဆောင်ရေးနှင့် ပတ်သက်၍လည်း လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးစနစ်သို့ သွားနိုင်ရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် တတ်နိုင်သရွေ့ ဆောင်ရွက်သွားမည်ဖြစ်ပြီး မကြာမီကာလအတွင်း ဘတ္ထရီစနစ်သုံး မီးရထားစက်ခေါင်းများလည်း ရောက်ရှိတော့မည်ဖြစ်ပြီး စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
