◾️ နိုင်ငံအတွင်းရှိ အခြားမြစ်ချောင်းများပေါ်၌ ဆောင်ရွက်နိုင်သည်ဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ စီမံကိန်းများရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍ မရနိုင်သည်များလည်းရှိကြောင်းပါ ပြောကြား

၂၀. ၅. ၂၀၂၅
Written by Nyein Kyaw
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းမှုမရှိပါက မဂ္ဂါဝပ် ၆,၀၀၀ ရရှိမည်ဖြစ်၍ ရှိပြီးလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ဖူလုံစွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများကို ယခင်ကာလများကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါရှိရင်းစွဲ လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထင်ရှားသည့် ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆ဝဝဝ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သည့်အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်ဖြိုးမြဲစွမ်းအင်တွင် ရေအား၊ လေအားနှင့် နေအားဟူ၍ ရှိကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်ချောင်းများပေါ်၌ ဆောင်ရွက်၍ ရနိုင်သည်ဖြစ်သော်လည်း အချို့သောနေရာများ၌ လုံခြုံရေးအခြေအနေအရ စီမံကိန်းများ ရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍ မရနိုင်သည်များလည်းရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင်၍ ရနိုင်သည့်နေရာများကို ဖော်ထုတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အနိမ့်တမံ Low-Head Dam များ ပြုလုပ်၍လည်း ရေအားလျှပ်စစ် ထုတ်ယူ၍ရနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နေသာသည့်နေ့ရက်များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အား စုစုပေါင်းမှာ ၆,၈၇၈ မဂ္ဂါဝပ်ရှိသော်လည်း ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရမှု၊ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များအား ဝန်ထမ်းများမှ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လက်ရှိတွင် တစ်ရက်ပျမ်းမျှ ၂,၃၀၀ မဂ္ဂါဝပ်(လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်း)သာ ထုတ်လုပ်နိုင်သည့် အခြေအနေဖြစ်သည်။
