
၂၀. ၅. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသော TNLA ကို နိုင်ငံရေးအရ ညှိနှိုင်းမှုလက်မခံသဖြင့် TNLA နယ်မြေလုယက်သိမ်းယူထားပြီး စစ်ရေးပြင်ဆင်ရာ နောင်ချိုနှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကြဲချနေရာမှ မန်တုံနှင့် မိုင်းငေါ့မြို့တို့ကိုပါ ဗုံးဆက်တိုက်ကြဲခံနေရသလို နောင်ချိုမြို့နယ်ရှိ ရှဲဆန်သတ္တုကုမ္ပဏီကိုလည်း ဗုံးကြဲခံထားရပြီး တရုတ်ယွမ် ၁၇ သန်းဖိုးခန့် ဆုံးရှုံးထားသည်ဟု TNLA က ယနေ့ ပြောသည်။
ဖြစ်စဥ်မှာ နောင်ချိုမြို့နယ်အတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို ပြီးခဲ့သည့် မေလ ၁၁ ရက် မွန်းလွဲပိုင်း ၁၂ နာရီခွဲအချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅ဝဝ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့သည်ဟု TNLA ၏ ယနေ့ ဝန်ခံချက်က ဆိုသည်။ အဆိုပါ ဝန်ခံချက်သည် မေလ ၁၃ ရက်က မန်တုံနှင့် မိုင်းငေါ့ကို ဗုံးကြဲခံရကြောင်း ထုတ်ပြန်ပြီး တစ်ပတ်အကြာမှ ဖော်ပြလာခြင်းလည်းဖြစ်သည်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ရှဲဆန်ကုမ္ပဏီအသုံးပြုနေသော ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊ စက်ပစ္စည်းများထားရှိသော ဂိုဒေါင် (၁)လုံးနှင့် အခြားသောပစ္စည်းများစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ ၁၆၈ဝဝဝဝ ယွမ် ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟုလည်း ပြောသည်။
အလားတူ မေလ ၁၈ ရက် ညနေ ၅ နာရီခွဲအချိန်ကလည်း နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသိင်္ဂီကျေးရွာအနီးတွင် TNLA အခြေစိုက်ရာနေရာများကို ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅ဝ ဗုံး ၆ လုံး လာရောက်ကြဲချတိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။

ရှဲဆန်ကုမ္ပဏီနှင့် ပတ်သက်၍ TNLA ၏ မီဒီယာတစ်ခုဖြစ်သော ရွှေဖီမြေသတင်းဌာန ဖော်ပြချက်အရ အဆိုပါကုမ္ပဏီသည် ယခုမှ သတ္တုစထုတ်သော တရုတ်ကုမ္ပဏီဖြစ်ပြီး ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ ပန်ဝိုးကျေးရွာအုပ်စုတွင် တည်ရှိသည်ဟု ဖော်ပြထားသည်။
