
၂၀. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ နွန်သဘူရီပြည်နယ်၊ ဘန်ကရာဆိုခရိုင်ခွဲမှ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် ယနေ့ အင်္ဂါနေ့ ကူးပြောင်းစအချိန်က ဘန်ကရာဆိုရှိ ကာရာအိုကေလုပ်ငန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား တရားမဝင်အလုပ်သမားများကို ဖမ်းဆီးရမိခဲ့သည်။
လူမှုမီဒီယာများမှတစ်ဆင့် နိုင်ငံခြားသားများကြား ရေပန်းစားလာခဲ့သည်ဟု သတင်းထွက်ပေါ်နေသော “နောင်ဘိုင်ဖန်း ကာရာအိုကေ” ဟုခေါ်သည့် စီးနင်းခဲ့သည့်နေရာမှ တရားမဝင်လုပ်သား နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဆိုပါလုပ်ငန်းသည် လမ်းကျဉ်းလေးတစ်ခုအတွင်း သီးခြားအဆောက်အအုံတစ်ခုတွင် တည်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၃) မှ တပ်မှူး ရဲမှူးချုပ် ချိုင်ရစ် အနူရစ်၏ ပြောကြားချက်အရ အဆိုပါနေရာတွင် တရားဝင်အထောက်အထားမဲ့ လုပ်သားများ အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိပြီးနောက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ အသွင်ယူအရာရှိတွေက နိုင်ငံခြားသားတွေ အဲ့ဒီနေရာမှာ အလုပ်လုပ်နေပြီး ဖောက်သည်တွေနဲ့ နည်းအမျိုးမျိုးနဲ့ ဆက်ဆံနေတာကို အတည်ပြုခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ထိုင်းအလုပ်သမားစည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာပါပဲ” ဟု အနူရစ်က ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးသူများက ဝန်ဆောင်မှုအတွက် ငွေပေးချေမှုများကို မိုဘိုင်းငွေလွှဲခြင်းဖြင့် ပြုလုပ်ခဲ့ကြောင်းနှင့် ဝန်ထမ်းများက မြန်မာနိုင်ငံသားတစ်ဦး၏ ဘဏ်အကောင့်နှင့် ချိတ်ဆက်ထားသော QR ကုဒ်များကို အသုံးပြုခဲ့ကြောင်း တွေ့ရှိခဲ့သည်။
သို့သော် အဆိုပါ နောင်ဘိုင်ဖန်းကာရာအိုကေအား၏ လုပ်ငန်းပိုင်ရှင်ဖြစ်ကြောင်း ပြောကြားခဲ့သည့် မစ္စကေဟုသာ ဖော်ပြထားသော ထိုင်းအမျိုးသမီးတစ်ဦးသည် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားလုပ်သားများ ငှားရမ်းခြင်းနှင့် တရားမဝင် နိုင်ငံခြားသားများကို ခိုလှုံခွင့်ပေးခြင်းတို့ဖြင့် စွဲချက်တင်ခံထားရသည်ဟုလည်း သိရသည်။

အလုပ်သမားစည်းမျဉ်းချိုးဖောက်မှုများအတွက် ပုံမှန်ပြစ်ဒဏ်များတွင် ဒဏ်ငွေများ ပါဝင်သော်လည်း နိုင်ငံခြားသားပြစ်မှုကျူးလွန်သူများသည် နေထိုင်ခွင့်ရုပ်သိမ်းခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်း စသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်များကိုလည်း ရင်ဆိုင်ရမည်ဟု အရာရှိများက ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများအရ လုပ်ငန်းလည်ပတ်ရာတွင် နိုင်ငံခြားဘဏ်အကောင့်များကို အသုံးပြုခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရပြီး စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ စည်းမျဉ်းများအောက်တွင် နောက်ထပ်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အာဏာပိုင်များက ဆောင်ရွက်လျက်ရှိသည်။
Ref , Khaosod & Cop’s Magazine
