
၂၀. ၅. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်အပေါ်အခြေခံပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးရေး စီမံကိန်းရေးဆွဲခြင်းနှင့် မူဝါဒချမှတ်ခြင်းအတွက် နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်တစ်ဦး တာဝန်ပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စာသူများ အဆိုပြုလွှာ လျှောက်ထားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များအပေါ် အခြေခံ၍ နောင်လာမည့်နှစ်များအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲခြင်းနှင့် မူဝါဒများချမှတ်ခြင်းတို့တွင် အခြေခံအသုံးပြုနိုင်ရန် ခိုင်မာသော ခန့်မှန်းလူဦးရေစာရင်းများအား နှစ်အလိုက် ပြုစုထုတ်ပြန်ခြင်းကို ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံရှိသည့် နိုင်ငံတကာအကြံပေးတစ်ဦးကို စိစစ်အကဲဖြတ်ရွေးချယ်တာဝန်ပေးအပ်မည်ဖြစ်၍ စိတ်ဝင်စားသူများ အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း အသိပေးထားသည်။
“အဲဒီမှာ ကျွန်တော်တို့ သူ့ရဲ့ သတ်မှတ်ချက်တွေ ထည့်ပေးထားပါတယ်။ ခန့်တဲ့အခါမှာ အဲဒါနဲ့ ဦးစားပေးပြီး စဉ်းစားမှာပါ။ ဒီသတ်မှတ်ချက်နဲ့ ပြည့်စုံရင် မြန်မာနိုင်ငံသားရော လျှောက်လို့ရတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်၏ လုပ်ငန်းလမ်းညွှန်ရယူနိုင်မည့် ရက်နှင့် အချိန်ကို ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်မှ ၃၀ ရက်အထိ www.dop.gov.mm တွင် ရယူနိုင်ပြီး အဆိုပြုလွှာများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ နေပြည်တော်ရှိ ရုံးအမှတ် (၄၈) သို့ လူကိုယ်တိုင် သို့မဟုတ် email: [email protected] မှတစ်ဆင့် မေလ ၃၀ ရက် ညနေ ၄ နာရီခွဲ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သည်။
သတ်မှတ်ရက်နှင့် အချိန်ထက် ကျော်လွန်တင်သွင်းသည့် အဆိုပြုလွှာများကို လက်ခံခြင်းပြုမည်မဟုတ်ကြောင်း၊ အဆိုပြုလွှာပုံစံ၊ စည်းကမ်းချက်များနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်းနံပါတ် ၀၆၇-၄၃၁၀၆၆၊ ၀၆၇-၄၃၁၀၆၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။