
၂၀.၅.၂၀၂၅
Written by Hey Mar
ကျန်းမာရေးမကောင်းတဲ့ ဖခင်က အမိမဲ့ သားသမီးငယ်သုံးဦး သူနဲ့အတူနေရင် မဝတ်၊ မစား ပညာမသင်ရမှာ ပူပန်လို့ မိခင်နာရေးတုန်းက အစအဆုံးကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းလက်ကိုပဲ ကလေးတွေရှေ့ရေးစီစဉ်ပေးဖို့ အကူအညီတောင်းတာကြောင့် ဒီနေ့ မေလ ၂၀ ရက် မနက်ပိုင်းမှာ အမြန်လမ်း ၈၉ မိုင် ၅ ဖာလုံက YGW မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းထံ အပ်နှံလိုက်တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဆင်ဖြူတော် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဒီဖြစ်စဉ်က ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ ဖြူးမြို့နယ်အပိုင်၊ အမြန်လမ်း ၁၁၅ မိုင်ရှိ အမြန်လမ်းမီးသတ်စခန်းအနောက် တာရိုးပေါ်မှာ တဲထိုးနေထိုင်တဲ့ မိသားစုတစ်စုဆီမှာ ဖြစ်ပျက်ခဲ့တာပါ။ အဲဒီမိသားစုမှာ အရင်ကတော့ အသက် လေးဆယ်ကျော်ဖခင်၊ အသက် သုံးဆယ့်ခြောက်နှစ်အရွယ်မိခင်နဲ့ ငါးတန်းကျောင်းသား အသက် ဆယ့်နှစ်နစ်ကျော် ဆယ့်သုံးနှစ်သား အကိုကြီီးရယ် သူ့အောက်မှာ အသက် ငါးနှစ်ကျော်နဲ့၊ သုံးနှစ်ကျော်အရွယ် ညီမလေး နှစ်ယောက်အပြင် အသက် ခုနစ်လသားငယ်လေးတို့ ခြောက်ဦးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကတော့ အဲဒီမိသားစုရဲ့ မိခင်ဖြစ်သူ ရက်လည်တဲ့နေ့ပါ။ ကျောက်ကပ်ရောဂါအပြင် သားအိမ်မှာ အလုံးတည်တဲ့ ဝေဒနာနဲ့ ဆေးရုံတက်ရောက်ကုသနေရင်း ၁၁ ရက်နေ့က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ကလေးတွေရဲ့ မိခင် ကျန်းမာရေးကနေ နာရေးအထိ အစအဆုံးကူညီခဲ့တဲ့ ဆင်ဖြူတော်လူမှုကူညီရေး အသင်းတာဝန်ရှိသူ ဦးကျော်ညီညီလွင်က ” မိခင်ကလည်း ဆုံးသွားပြီ။ ဖခင်ကလည်း ကျန်းမာရေးမကောင်းဘူး။ အရင်က တီဘီရောဂါ အခံရယ်၊ အသောက်အစားဖက်ခဲ့တဲ့ ဒဏ်တွေနဲ့ သူလည်း ကြာကြာ မခံလောက်ဘူး။ အဲ့ဒါနဲ့ သားအကြီးလေးကတော့ အဖေကို ပြုစုဖို့နဲ့ လုပ်ကျွေးဖို့ပေါ့။ ဖခင်က ခေါ်ထားလိုတယ်။ ကျန်တဲ့ သုံးဦးက လက်မလွတ်သေးအရွယ်မို့ မိဘမဲ့ဂေဟာ ပို့ပေးဖို့ အကူအညီတောင်းလို့ ကျွန်တော်တို့ စီစဉ်ပေးရတာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

မိခင်ရှိစဉ်က သားကြီးဖြစ်သူနဲ့အတူ ပလုံကောက်ရင်း မိသားစု စားဝတ်နေရေးဖြေရှင်းခဲ့ကြတယ်လို့ သိရပါတယ်။ ဖခင်က အရင်ကတော့ လက်ဖက်ရည်ဆိုင်မှာ မုန့်ဆရာ၊ အကြော်ဆရာ အဖြစ် လုပ်ကိုင်ခဲ့ပေမယ့် စီးပွားရေးမကောင်းတဲ့ ဒီနှစ်ပိုင်းတွေမှာ အလုပ်လက်မဲ့ဖြစ်သွားပြီး ကျန်းမာရေးလည်း ဆိုးရွားလာတာကြောင့် ဘာမှမလုပ်ကိုင်နိုင်ဘူးလို့ သိရပါတယ်။
“အကြီးကောင်လေးက အတော်စိတ်မကောင်းဖြစ်နေရှာတာ။ အဖေကနာတာရှည်၊ မိခင်ကအလုပ်ရှာသွားချိန်ဆို ဒီညီလေး၊ ညီမလေးတွေ သူပဲ ပြုစုပေးရတာ။ အညစ်အကြေးကအစ၊ ထမင်းချက်ပြုတ်ကျွေးရတာတွေအထိ သူလုပ်ရတာဆိုတော့ သူက ဖခင်ထက် ပိုခံစားနေရတာတွေ့ရတယ် ။ သူ ကျောင်းဆက်တက်မှာပါ။ ကျွန်တော်တို့ အသင်းနဲ့ အလှူရှင်မိတ်ဆွေတွေက ကျောင်းဆက်တက်နိုင်ဖို့ စီစဉ်ပေးထားပါတယ်။ သူကတော့ ပလုံကောက်မယ်။ အဖေ့ ဆေးကုမယ်။ ရတဲ့ငွေနဲ့ သူကျောင်းတက်မယ် ပြောပေမယ့် သူပလုံမကောက်ရအောင် ပညာရေး အာရုံစိုက်ရအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ဝိုင်းဝန်းမှာပါ” လို့ တောင်ငူခရိုင် ဇေယျဝတီမြို့မှ ဆင်ဖြူတော် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်ညီညီလွင်က ကလေးတွေ မိဘမဲ့ဂေဟာ လိုက်ပို့စဉ် သူမြင်တွေ့ရတဲ့အခြေအနေကို ပြောပြပါတယ်။