
MT News
၂၀. ၅. ၂၀၂၅
SAC အစိုးရလက်ထက်တွင် ကြုံတွေ့ခဲ့သော သဘာဝဘေးများဖြစ်သည့် မိုခါ၊ ရာဂီနှင့် မန္တလေးငလျင်ကြီးတို့အတက် မန္တလေးငလျင်ကြီးဘေးဒဏ်သည် ပျက်စီးဆုံးရှုံးမှုအကြီးမားဆုံးဖြစ်ပြီး ကျပ်ဘီလျံ ၃၆၃၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးဒဏ် ကို များစွာကြုံတွေ့ခဲ့ရပြီး ကပ်ရောဂါကြုံတွေ့ရမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ပဋိပက္ခများကြုံတွေ့ရမှု၊ ငလျင်ဘေးဒဏ်ကြုံတွေ့ရမှု စသည်တို့ဖြင့် နိုင်ငံတော်အနေဖြင့် ဆုံးရှုံးခဲ့ရမှုများစွာဖြစ်ပေါ်ခဲ့ရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း တစ်ဦးချင်း ထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများရှိခဲ့သည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုများအနက် ၂၀၂၃ ခုနှစ်တွင်ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလျံဖိုး ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘက်ဂျက်မှ ငွေကျပ် ၇၃ ဒသမ ၇၉၇ ဘီလျံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ကြောင်း၊ ပြည်သူတို့၏ ကုန်ကျမှုများ မပါရှိသေးဘဲ နိုင်ငံတော်မှ ကုန်ကျမှုသီးသန့်ပင်ဖြစ်ကြောင်း၊ ထို့အတူ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန် စွာရွာသွန်းခဲ့မှုကြောင့် ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလျံကျော်ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများဆောင် ရွက်ရန်အတွက် ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလျံထောက်ပံ့ပေးခဲ့ရကြောင်း၊ မတ်လ ၂၈ ရက်တွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရ မှုအနေဖြင့် ငွေကျပ် ၃၆၂၉ ဒသမ ၂၈၈ ဘီလျံရှိခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်များ ကြုံတွေ့ခဲ့ရခြင်းမရှိပါက မိမိတို့အနေ ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

သဘာဝဘေးဒဏ်များအပြင် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များ ကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ၊ နိုင်ငံပိုင်လမ်းတံတားအဆောက်အဦများ၊ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုများ များစွာရှိခဲ့ကြောင်း၊ ယင်းတို့သည် တိုင်းပြည်အတွက် အရှုံးများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုများ အနည်းဆုံးဖြစ်စေရေးကြိုတင်ပြင်ဆင်မှုကောင်းစွာဖြင့် ကာကွယ်နိုင်ရန်လိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များသည်လည်း ကြီးမားသည်ဖြစ်သည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်သွား ကြရန်လိုအပ်မည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မန္တလေးငလျင်ကြီးသည် လူသေပျောက်မှုအများဆုံးလည်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သောအင်အားအလွန်ပြင်းထန်သည့် အဆိုပါ ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတို့တွင် မေ ၁၉ ရက်အထိ စာရင်းအရ သေဆုံးသူ ၃၇၂၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦး ရှိခဲ့သည်။
ထို့အပြင် မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများအဖြစ် ဧပြီ ၉ ရက်အထိ စာရင်းအရ နိုင်ငံတဝှမ်း လူနေအိမ်ပေါင်း ၄၈,၈၃၄ အိမ်၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ၃,၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂,၀၄၅ ကျောင်း၊ ဌာနဆိုင်ရာ ရုံး/အဆောက်အဦ ၂,၁၇၁ လုံး၊ တံတား ၁၄၈ စင်း၊ ဘုရားစေတီ ၅,၂၇၅ ခု ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။