
၂၀. ၅. ၂၀၂၅
Written by Nay Moe
အိန္ဒိယ-မြန်မာနယ်စပ်တွင် အိန္ဒိယနိုင်ငံ၏ အာသံရိုင်ဖယ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် တမူးပကဖ (၁၀) ဦး သေဆုံးခဲ့ရမှုမှာ မှန်ကန်သည်ဟု NUG က ဝန်ခံလာသည်။
ယမန်နေ့ည သန်းခေါင်အချိန် ထုတ်ပြန်သော NUG ၏ MOFA ထုတ်ပြန်ချက်အရ “အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံးခဲ့ရသည့်ကိစ္စ နှင့်ပက်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များအပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များအရ အိန္ဒိယအစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း ကနဦး သတင်းထုတ်ပြန်အပ်ပါသည်။”ဟု ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံသည် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမထားသလို မြန်မာနိုင်ငံ၏ လက်ရှိ SAC အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသော NUG နှင့် PDF များကိုလည်း “သူပုန်၊ စစ်သွေးကြွ”အဖြစ်သာ သတ်မှတ်ထုတ်ပြန်ခဲ့ပြီး အိန္ဒိယသတင်းဌာနများကလည်း NUG ဩဇာခံဖြစ်၍ ပစ်သတ်ခံရသော တမူးပကဖများ သေဆုံးသည့် ဖြစ်ရပ်ကို အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချန်ဒယ်ခရိုင်အနီးတွင် အာသံရိုင်ဖယ်တပ်၏ တပ်ရင်းတစ်ရင်းကို ဗုဒ္ဓဟူးနေ့(မေလ ၁၄) ရက်က သူပုန်အဖွဲ့တစ်ဖွဲ့က ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သံသယရှိသူ စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ပြီးနောက် မဏိပူရရှိ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အမြင့်ဆုံးသတိဖြင့် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ သေဆုံးသူများသည် နယ်စပ်ဖြတ်ကျော် သူပုန်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟု တာဝန်ရှိသူများက အတည်ပြုခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စေ့စေ့စပ်စပ် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ AK-47 ရိုင်ဖယ်ခုနစ်လက်၊ RPG လောင်ချာတစ်လက်၊ M4 ရိုင်ဖယ်တစ်လက်၊ ခဲယမ်းကျည်ဆံတစ်လုံးချင်းထည့်ပစ်ရသည့် (SBBL) ရိုင်ဖယ်လေးလက်နှင့် ခဲယမ်းအမျိုးမျိုး၊ စစ်ပစ္စည်းအမျိုးမျိုး အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ လုံခြုံရေးအေဂျင်စီများက အဆိုပါဒေသတွင် စစ်သွေးကြွလှုပ်ရှားမှုနှင့်ပတ်သက်၍ ထောက်လှမ်းရေးသတင်းများ ရရှိထားကြောင်း၊ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့သည့် စစ်သွေးကြွများသည် မြန်မာနိုင်ငံတွင် အရင်းခံရှိနိုင်ကြောင်းနှင့် နယ်စပ်ဖြတ်ကျော် သူပုန်စစ်ဆင်ရေးများကို လုပ်ကိုင်နေကြောင်း The Times of India သတင်းဌာနအပါအဝင် သတင်းဌာနများက ဖော်ပြခဲ့သည်။