◾ ရုရှားနှင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကြမည်ဟု ထရန့် ကြေညာ

၂၀.၅.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်ကရုရှားသမ္မတဗလာဒီမာ ပူတင်နဲ့ ဖုန်းဖြင့်ဆက်သွယ် ပြောကြားမှုတစ်ရပ်ကို မေလ ၁၉ ရက် နံနက်ပိုင်းက နှစ်နာရီနီးပါးကြာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးတွေနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့ ရောမမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တစ်ရက်အကြာမှာ ထရန့်က ရုရှားသမ္မတဆီကို ခုလို ဖုန်းနဲ့ဆက်သွယ်ခဲ့တာလည်းဖြစ်ပါ တယ်။
နှစ်နာရီနီးပါးကြာ ဖုန်းပြောအပြီးမှာတော့ သမ္မတထရန့်က “ရုရှားဟာ အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းနဲ့ ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ချက်ချင်းဆိုသလို စသွားလိမ့်မယ်။ ဒါက စစ်ပွဲပြီးဖို့ အရေးကြီး တဲ့ဆောင်ရွက်မှုပဲ”လို့ ကြေညာခဲ့ပါတယ်။
သမ္မတထရန့်က ဖုန်းမပြောမီတည်းက သူ့အနေနဲ့ ယူကရိန်းနိုင်ငံတွင်း သွေးချောင်းစီးလူသတ်ပွဲ ကြီးဖြစ်ပွားနေမှုကို အဆုံးသတ်စေရန် အပစ်အခတ်ရပ်စဲရေးကို အလေးထားပြောကြားမယ်လို့ ပြောခဲ့တာပါ။ အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ဂျေဒီ ဗန့် ကလည်း သမ္မတထရန့်အနေနဲ့ ယူကရိန်း စစ်ပွဲမှာ နှစ်ဖက်စလုံး အပေါ် စိတ်ကသိကအောင့် အနှောင့်အယှက်ဖြစ်ရတာ များလှပြီဖြစ်ပြီး ထရန့်အနေနဲ့ စစ်ပွဲကို ပြီးဆုံးစေချင်လှပြီလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်က အမေရိကန်သမ္မတ ထရန့် နဲ့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားရမှုမှာ ပွင့်လင်းပြီး ခြေခြေမြစ်မြစ်ခိုင်မာမှုရှိတယ်လို့ ပြောခဲ့ပါတယ်။Tass သတင်းဌာနကလည်း ဖုန်းဖြင့်ပြောကြားမှုအတွင်း ရုရှားသမ္မတပူတင်အနေနဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် သူ့ရဲ့မူဝါဒကိုပြောနိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ပူတင်က ရုရှားနဲ့ ယူကရိန်းကြား တိုက်ရိုက်ညှိနှိုင်းဆွေးနွေးမှုကို ထရန့်က ထောက်ခံခဲ့လို့ သမ္မတထရန့် ကို ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဆက်လက်ပြီးပူတင်က “ထရန့် ကလည်း ရန်လိုမှုတွေကို ရပ်ဆိုင်းခွဲထွက်ပြီး အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်သဘောတူကြဖို့ ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ရုရှားဟာ ယူကရိန်းပဋိပက္ခမှာ ငြိမ်းချမ်းရေး ဆုံးဖြတ်ချက်အတွက် အမြဲအလေးထားရပ်တည်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သမ္မတထရန့်က မေလ ၁၉ ရက်အစောပိုင်းကပဲ ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ ဖုန်းပြောခဲ့သေး တယ်လို့ သိရပါတယ်။ ထရန့်က ဆက်လက်ပြီး နေတိုးအုပ်စုက တချို့နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကို ဆက်သွယ်ပြောဆိုဖို့စီစဉ်ထားတယ်လို့ လည်း သိရပါတယ်။
Ref -CNN