
၁၉. ၅. ၂၀၂၅
Written by Nay Moe
နွေဦးတော်လှန်ရေးစတင်ချိန်ကစပြီး ပညာရေးကဏ္ဍကို စစ်ကျွန်ပညာရေးလို့ အမည်တပ်၊ CDM မလုပ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ ကျောင်းသားကျောင်းသူတွေကို အရှက်ခွဲ၊ ရှုတ်ချမှုအပြင် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် သတ်ဖြတ်ထားတဲ့ NUG နဲ့ PDF တွေထက် အသိဉာဏ်မြင့်တက်လာတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဟာ အခုလာမယ့် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ချိန် ပညာရေးကို နှောင့်ယှက် ဖျက်ဆီးသူတွေ အရေးယူမယ်လို့ ကြေညာလာပါတယ်။
NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်အတုတွေကို နိုင်ငံတကာက အသိအမှတ်မပြုဘဲ လက်ရှိ နစကအစိုးရလက်အောက်မှာ လည်ပတ်နေတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဘွဲ့လက်မှတ်တွေကိုပဲ အသိအမှတ်ပြုပေးတာကို ပြည်သူတွေ သဘောပေါက်နားလည်လာချိန်အထိ စစ်ကျွန်ပညာရေးလို့ပဲ ဆက်လက်ဝါဒဖြန့် သတ်ဖြတ်မှု ကျူးလွန်နေတဲ့ NUG နဲ့ PDF တွေကို ဆန့်ကျင်ဘက်ရပ် ထုတ်ပြန်လိုက်တဲ့ ACDF ထုတ်ပြန်ချက်မှာ “ယခုအခါ၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာသင်ကြားရန် လိုအပ်လျှက်ရှိကြောင်း တွေ့ရှိနေရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ချင်းကာကွယ်ရေးတပ် – အရှို စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေများနှင့် ထိစပ်လျှက်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသ နှင့် မြေပြန့်ဒေသ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် အခြေခံပညာအဆင့် ကျောင်းဆရာ / ဆရာမများအား ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများအား ဝင်ရောက်စွက်ဖက်ခြင်းအား မိမိတို့ ချင်းကာကွယ်ရေးတပ် – အရှို အနေဖြင့် လုံးဝ ( လုံးဝ ) ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ထိုကဲ့သို့ပြုလုပ်သူ မည်သူမဆိုအား တားမြစ်အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အခြေခံပညာအဆင့် ပညာရေး ဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ် ကလေးများအား စေတနာ၊ ဝါသနာ၊ အနစ်နာ ( ၃ )ချက် ကို ခံယူအလေးထားလျှက် လွတ်လပ်စွာသင်ကြားမှု ပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။”လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။
ချင်းပြည်နယ်မှာဆိုရင် ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် အဖွဲ့ဆိုပြီး လက်နက်ကိုင်နှစ်ဖွဲ့ကွဲနေပြီး ချင်းပြည်ကောင်စီ (CC) ဟာ ဌာနေချင်းလက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားသလို ချင်းညီနောင် (CB) ကတော့ ရခိုင်လက်နက်ကိုင် AA နဲ့ NUG ဩဇာခံ ချင်းလက်နက်ကိုင်တွေ စုဖွဲ့ထားတာပါ။ အရှိုချင်းကာကွယ်ရေးတပ်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ပေါ်ထွက်လာပြီး ရခိုင်လက်နက်ကိုင် AA နဲ့ မဟာမိတ်ပြု စစ်ရေးလှုပ်ရှားသလို မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ (MBDF)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GPDF) တို့နဲ့လည်း မဟာမိတ်ဖွဲ့ထားပါတယ်။
ဒါ့အပြင် ချင်းကာကွယ်ရေးတပ်-အရှို အနေနဲ့ စစ်ရေးနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်များကိုသာ အဓိက ဦးတည်တိုက်ခိုက်ပြီး စစ်ဘက်ဆိုင်ရာယဉ်ကျေးမှုအရ စစ်ဘက်ဆိုင်ရာ တန်ဖိုးထားမှုမှာလည်း ချင်းလူမျိုးနဲ့ ပြည်သူလူထုအပေါ် သစ္စာစောင့်သိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း၊ ရဲရင့်မှုရှိခြင်း၊ ရိုးသားမှုရှိခြင်းအပေါ် အခြေခံလျှက် စစ်သည်တော်ကျင့်ဝတ်များနှင့်အတူ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေတွေကိုပါ လေးစားလိုက်နာလျှက်ရှိကြောင်းကိုလည်း ပညာရေးကို ဖျက်ဆီးသတ်ဖြတ် နှောင့်ယှက်နေတဲ့ NUG နဲ့ PDF တွေနားလည်အောင် အသိပေးထုတ်ပြန် ဖော်ပြထားတာလည်း တွေ့ရပါတယ်။