
၁၈.၅.၂၀၂၅
Written by Hey Mar
မိုးရွာသွန်းထားမှုနဲ့အတူ အင်အားအသင့်အတင့်ရှိတဲ့ငလျင် လှုပ်ခတ်မှုအပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်း သစ်ပင်လဲကျရာက သားအဖ နှစ်ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မေလ ၁၈ ရက်ကူးစ သန်းခေါင်ကျော် မနက် ၁၂ နာရီ မိနစ် ၃၀ ခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရာက်ရှိခဲ့တဲ့ မဏီစလ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနဲ့ ၈၉ လမ်းထောင့်ရှိ အဘယာရာမရွှေဂူကျောင်းတိုက်အတွင်းရှိ ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံးပတ် (၅)ပေခန့်၊ အရှည်(၄၀)ပေခန့်ရှိ ကုက္ကိုလ်ပင်က ယာယီလူနေမိုးကာတဲအိမ်ပေါ်ကို ပိမိတာလို့ သိရပါတယ်။

သစ်ပင်လဲကျကာ လူပိမိနေကြောင်းသတင်းရရှိတာကြောင့် မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရတနာဘုမ္မိအနောက်အရန်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဂေါဝိန်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် တွေနဲ့ လူမှုကူညီရေးအသင်းတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသား(၁)ဦးနဲ့ အသက် သုံးနှစ်ကျော်အရွယ် မိန်းကလေးငယ်(၁)ဦးတို့ သေဆုံးခဲ့တာကြောင့် မိုဃ်းကောင်းရသလူမှုကူညီးရေးအသင်းမှ သူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ဒီရက်ပိုင်း မိုးရက်ဆက်ရွာသွန်း နေပြီး မနေ့က မေလ ၁၇ ရက်နေ့ ည ၁၀ နာရီ ၂၄ မိနစ်ခန့်က ပြင်းအား ၅ ဒသမ ၂ အဆင့်ရှိတဲ့ မန္တလေးငလျင်ကြီးရဲ့ ၁၇၅ ကြိမ်မြောက် နောက်ဆက်တွဲငလျင်ဟာ မြစ်သားမြို့ရဲ့ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဆိုပါငလျင်လှုပ်ခတ်မှုအပြီး မန္တလေးအခြေပြု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တွေက မိုးရွာသွန်းမှုလည်းရှိထားလို့ ငလျင်ဒဏ်ထိထားတဲ့ အဆောက်အဦတွေ ထပ်မံ ပျက်စီးနိုင်တာကြောင့် သတိနဲ့နေထိုင်ကြဖို့နဲ့ ဆိုင်ကယ်ဦးထုပ်လိုမျိုးအကာအကွယ်တစ်ခုခု ဆောင်းထားကြဖို့ မြို့တွင်းလှည့်လည် သတိပေးခဲ့ကြကြောင်းလည်းမြို့ခံတချို့ထံကနေ သိရပါတယ်။
