◾ ငလျင်ချက်ဗဟိုပြုရာအနီး မြစ်သားမြို့ ထိခိုက်မှုရှိဟု ဆို

MT News
၁၇. ၅. ၂၀၂၅
မတ်လ ၂၈ ရက်က အဟုန်ပြင်းစွာ လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး လှုပ်ခတ်အပြီး ရက် ၅၀ အကြာ ယနေ့ည သန်းခေါင်ခန့်တွင် ၁၇၅ ကြိမ်မြောက် ငလျင်လှုပ်ခတ်မှုအဖြစ် ဇောက်တိမ်ပြီး ပြင်းအားများသော ၅ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်၍ ပြည်သူများ ထိတ်လန့်ခဲ့ရပြန်သည်။
နိုင်ငံတကာ ငလျင်စခန်းများက ပြင်းအား ၅ ဒသမ ၄ ဟု ဖော်ပြကြသော်လည်း မြန်မာ့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြင်းအား ၅ ဒသမ ၂ ဟုသာ ဖော်ပြခဲ့သော မန္တလေးငလျင်ကြီး၏ ၁၇၅ ကြိမ်မြောက် နောက်ဆက်တွဲငလျင်သည် မြစ်သားမြို့၏ အနောက်တောင်ဘက် (၆) မိုင်ခန့်အကွာ အနက် ၆ မိုင်ကျော်သာရှိသော ၁၀ ကီလိုမီတာအကွာကို ည ၁၀ နာရီ ၂၄ မိနစ် ၄၈ စက္ကန့်အချိန်က လှုပ်ခတ်ခဲ့၍လည်း ဇောက်တိမ်ကာ ပြင်းအားများသော ငလျင်အဖြစ် ပြည်သူများ သိသိသာသာ ခံစားခဲ့ရခြင်းဖြစ်သည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်မှု ၁၇၅ ကြိမ်တွင် အနက် ၁၀ ကီလိုမီတာအောက် ၁၉ ကြိမ်သာရှိပြီး အများစုမှာ ၁၀ ကီလိုမီတာအကွာမှ လှုပ်ခတ်ကာ မြေအောက်အနက်ဆုံးလှုပ်ခတ်မှုမှာ မိုင် ၂၅ မိုင်ကျော်အကွာ ၄၂ ကီလိုမီတာမှဖြစ်ပြီး အများစုမှာ သိသိသာသာ ခံစားခဲ့ရသည်။ ထို့ပြင် အဆိုပါ ငလျင်မှာ မတ်လ ၂၉ ရက်နောက်ပိုင်းငလျင်များတွင် ပြင်းအားအများဆုံးနှင့် ဇောက်အတိမ်ဆုံး ငလျင်လည်းဖြစ်သည်။
အဆိုပါလှုပ်ခတ်မှုမှာ ပြင်းအားများသည့်အပြင် လှုပ်ခတ်ချိန်မှာလည်း စက္ကန့် ၃၀ နှင့် တစ်မိနစ်ခန့်အကြား အချိန်ကြာမြင့်၍ ပြည်သူများထိတ်လန့်စွာ ထွက်ပြေးခဲ့ရပြန်ကြောင်း မိုးဇလ ထုတ်ပြန်ချက်အောက် ပြည်သူများက မှတ်ချက်ပြုနေသည်ကို တွေ့ရသည်။
ထိုငလျင်သည် စစ်ကိုင်း၊ မန္တလေးအပြင် မြို့သာ၊ မတ္တရာ၊ မိုးကုတ်၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ နွားထိုးကြီး၊ ဝမ်းတွင်း၊ စစ်ကိုင်း၊ မုံရွာ၊ ပခုက္ကူ၊ ကလော၊ အောင်ပန်း၊ ပင်လောင်း၊ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေ၊ ပင်းတယ၊ ရပ်စောက်၊ ရွာငံ စသည့်မြို့များနှင့် အခြားမြို့များတွင်လည်း သိသိသာသာ သိရှိခံစားခဲ့ကြရကြောင်း သိရသည်။
“ဒီနှစ်လအတွင်း ဒီငလျင်က အပြင်းဆုံးလို့ပြောလို့ရတယ်။ လူတွေလည်း မူးဝေပြီး ထွက်ပြေးတာတောင် မနည်းပြေးရတယ်။ အချိန်အကြာကြီးလည်း လှုပ်တယ်”ဟု မြစ်သားဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ ငလျင်ကြောင့် ဗဟိုချက်အနီးမြစ်သားမြို့တစ်ဝိုက် ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်း လူမှုကွန်ရက်တွင် ဖော်ပြနေကြပြီး နောက်ဆက်တွဲအခြေအနေကို MT News က ဆက်လက် ဖော်ပြမည်ဖြစ်သည်။