၁၇. ၅. ၂၀၂၅
Translated by Tha Doe
အိန္ဒိယနိုင်ငံ၊ အိုဒီရှာပြည်နယ်၏ ခရိုင်အများစုတွင် မေလ ၁၆ ရက်နေ့ သောကြာနေ့ နေ့လယ်ပိုင်းကာလအတွင်း အနောက်မြောက်လေပြင်းတိုက်ခတ်ချိန် မိုးကြိုးပစ်ခတ်မှုများ ဖြစ်ပွားမှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု အစိုးရအာဏာပိုင်များက ပြောကြားခဲ့သည်။
ကနဦး သတင်းများအရ ကိုရာပွတ်ခရိုင်၊ ပါရီဒီဂူဒါကျေးရွာတွင် သောကြာနေ့ နေ့လယ်ပိုင်း၌ အနောက်မြောက်လေပြင်းတိုက်ခတ်နေစဉ် တဲအိမ်တစ်ခုအတွင်း၌ ခိုလှုံနေသူများကို မိုးကြိုးပစ်ခတ်ခဲ့ရာ အဘွားအိုတစ်ဦးနှင့် သူမ၏ မြေးမလေးအပါအဝင် လူ ၃ ဦးသေဆုံးပြီး အခြား ၅ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများမှာ ပါရီဒီဂူဒါရွာမှ ဘရူဒီ မာဒင်ဂါ၊ မြေးမလေး ကာဆာ မာဒင်ဂါနှင့် ကိုရာပွတ်ခရိုင်၊ ကွန်ဘာရီဂူဒါဒေသမှ အမ်ဘီကာ ကာစီတို့ဖြစ်ကြောင်း သိရသည်။ မိုးကြိုးမုန်တိုင်းကြောင့် ဒဏ်ရာရရှိခဲ့သော သေဆုံးသူ ဘရူဒီ မာဒင်ဂါ၏ ခင်ပွန်းဟင်ဂူ၏ ကျန်းမာရေးအခြေအနေမှာလည်း စိုးရိမ်ဖွယ်ကောင်းကြောင်း သိရသည်။
အလားတူပင် ကိုရာပွတ်ခရိုင်၊ ဆီမီလီဂူဒါမြို့နယ်မှ အသက် ၃၂ နှစ်အရွယ် ဒါဆာဂျာနီသည် သောကြာနေ့ နေ့လယ်ပိုင်းတွင် ၎င်း၏ရွာအနီးရှိ မြစ်အတွင်း ငါးဖမ်းနေစဉ် မိုးကြိုးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ထိုသောကြာနေ့ နေ့လယ်ပိုင်းတွင်ပင် နာဘာရန်ဂ်ပူခရိုင်၊ အူမာကုတ်မြို့နယ်အောက်ရှိ ဘီနိုရာကျေးရွာတွင် မိုးကြိုးပစ်ခတ်မှုကြောင့် ချိုင်တီယာရမ် မာဂျီနှင့် ၎င်း၏တူ လာလီတာ မာဂျီတို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဒေသခံများက ၎င်းတို့အား အနီးအနားရှိ ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်း လာလီတာမှာ လမ်းခုလတ်တွင် သေဆုံးသွားခဲ့ပြီး ချိုင်တီယာရမ်မှာ အူမာကုတ်မြို့နယ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်သည်။
တစ်ချိန်တည်း၌ပင် ဂျာဂျ်ပူခရိုင်၊ ဂျီနာပူရ်ရဲစခန်းနယ်မြေအောက်ရှိ ဘူဒူဆာဟီရွာတွင် သောကြာနေ့ နေ့လယ်ပိုင်းအချိန် အပြင်တွင် ကစားနေသော ကလေးငယ်နှစ်ဦး မိုးကြိုးပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ထို့အတူ ဂါဂျာပါတီခရိုင်၊ ဥဒယဂီရိရဲစခန်းနယ်မြေတွင်လည်း သောကြာနေ့ နေ့လယ်ခင်း၌ မိုးကြိုးပစ်ခတ်မှုကြောင့် ဒမ္မာယန်တီ မန်ဒယ်ဟု သိရသော အမျိုးသမီးဆိုင်ပိုင်ရှင်တစ်ဦး သေဆုံးပြီး အခြားလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် သောကြာနေ့ နေ့လယ်ပိုင်းတွင်ပင် ဂန်ဂျမ်ခရိုင်၌ နှစ်ဦးနှင့် ဒင်ကနာခရိုင်၊ ကာမာခယာနာဂါဒေသ၌ တစ်ဦးအပါအဝင် နောက်ထပ်လူ ၃ ဦး မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။
သောကြာနေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော အနောက်မြောက်လေပြင်းကြောင့် ပြည်နယ်၏ ဒေသအတော်များများ၌ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခတ်ခြင်းများ ပါဝင်သော မိုးသည်းထန်စွာ ရွာသွန်းမှုကို တွေ့ကြုံခဲ့ရပြီး ရရှိနိုင်သော အချက်အလက်များအရ အိုဒီရှာပြည်နယ်တွင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း မိုးကြိုးပစ်ခတ်မှုကြောင့် လူပေါင်း ၁၀၇၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Ref , Yespunjab



