
၁၇. ၅. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယင်းကဲ့သို့ ရေးဆွဲနိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ အသစ်တည်ဆောက်ရန် Town Plan ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
လက်ရှိတွင် အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရန်နှင့် အသစ်တည်ဆောက်ရာတွင် လိုက်နာရမည့် “ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံ၊ လမ်း၊ တံတားများအတွက် အမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)” များကို ဖြန့်ဝေပေးထားပြီးဖြစ်သည်။
အဆိုပါအစည်းအဝေးမှ ရရှိလာသည့် ဆွေးနွေးချက်များကိုအခြေခံပြီး Town Plan အတွက် မြေနေရာရွေးချယ်ထားရှိမှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြေပြင်တွင် အသေးစိတ်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး Town Plan ရေးဆွဲရာတွင် မြို့အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ရန်၊ မြေစမ်းသပ်မှုများ စနစ်တကျ သေချာတိုင်းတာတွက်ချက် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်၌ အလျား ပေ ၂၀၊ အနံ ၁၀ ပေရှိ Modular House များကို Phase 1 တွင် လျာထား ၆၄ လုံးနှင့် Phase 2 တွင် လျာထား ၁၂၄ လုံး စုစုပေါင်း ၁၈၈ လုံး တပ်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။